ဗန်းမောက် – ဟုမ္မလင်းလမ်းပိတ်ထားလို့ ဟုမ္မလင်းဘက် ကုန်စျေးအဆမတန်မြင့်တက်
စစ်ကိုင်းတိုင်းထဲက ဗန်းမောက်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်းပိုင်းပိတ်ထားတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA ) ပူးပေါင်းတပ်တွေက ဗန်းမောက် – ဟုမ္မလင်းကားလမ်းပိုင်းပိတ်ထားချိန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုအောင်၊နန့်တောစတဲ့ကျေးရွာဘက်မှာအခြေခံစားသောက်ကုန်ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“ဗန်းမောက်လမ်းပိတ်ထားတာလေး ကုန်ကြောင်းဆိုလို့အဲ့လမ်းကနေပဲကုန်တွေဝင်တာအခုလမ်းပိတ်တော့ ခရမ်းချဥ်သီးတစ်ပိဿ ၅၀၀၀၀ မြို့ပေါမှာ ရွာတွေဘက်ဆိုရင် တပိဿ ၆၀၀၀၀ ကျော် အထိရှိတယ် ကြက်ဥတစ်လုံးက မြို့ပေါမှာ ၁၀၀၀ ရွာတွေဘက် ၃၀၀၀၊ ၄၀၀၀ တဲ့စျေးတက်တာ မကြုံမဖူးပါ့ဒီတခါက”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။
KIAနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့နောက်ပိုင်းကစပြီး ဗန်းမောက် – ဟုမ္မလင်းကားလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက စက်တင်ဘာ ၂၀ ရက်နေ့နောက်ပိုင်းကစပြီး ဒီကနေ့အထိပိတ်ထားတယ်လို့ သိရပါတယ်။
“လမ်းကပိတ်ထားတယ်ဒါပေမယ့် သူတို့ SNA နဲ့စစ်သားတွေကတော့သွားလာနေတာပဲ ဒီနေ့လည်း ကားသုံးစီးနဲ့ SNA တွေဗန်းမောက်ဘက်သွားလိုက်တယ် သူတို့လှုပ်ရှားနေလို့လမ်းပိတ်ထားတာ”လို့ နောက်ထပ် ဟုမ္မလင်းမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။
ဗန်းမောက် – ဟုမ္မလင်းကားလမ်းမပိတ်ခင်အထိတော့ ဟုမ္မလင်းမြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်ပိဿာ ကျပ် ၂၅၀၀၀၊ ကြက်ဥ ၅၀၀၀ ဖို့း ၈လုံးအထိရပြီး ရွာတွေဘက်မှာ ခရမ်းချဥ်သီးတစ်ပိဿ ကျပ် ၃၅၀၀၀၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်အထိရှိခဲ့ပေမယ့် ကားလမ်းပိုင်းတဲ့နောက်ပိုင်းကနေတော့ ခရမ်းချဥ်သီး၊ ကြက်ဥနဲ့အလားတူ အခြားကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်သွားကြောင်းသိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို မန္တလေးကနေ တဆင့် အင်းတော်–ဗန်းမောက် –ဟုမ္မလင်းကားလမ်းအတိုင်းသယ်ယူကြတာဖြစ်ပြီး လက်ရှိ ကာကွယ်ရေးတပ်တွေဘက်ကထိန်းချုပ်ထားတဲ့ အင်းတော်–ဗန်းမော်ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုထာပြီဖြစ်ပေမယ့် စစ်ကောင်စီနဲ့ SNA တပ်တွေထိန်းချုပ်ထားတဲ့ဗန်းမောက်–ဟုမ္မလင်းလမ်းပိုင်းပိတ်ထားဆဲ ဖြစ်တာကြောင့်အခုလိုကုန်စျေးနှုန်းတွေတက်နေတာလို့သိရပါတယ်။
ဗန်းမောက်–ဟုမ္မလင်းကားလမ်းဆက်ပြီးပိတ်ထားမယ်ဆိုရင် ဟုမ္မလင်းနယ်ဘက်မှာ ကုန်စျေးတွေဒီထက်မကမြင့်တက်လာနိုင်တဲ့အပြင် အခြေခံစားသောက်ကုန်၊ဆန်၊ဆီ၊ဆားနဲ့ စက်သုံးဆီတွေ ပြတ်လပ်လာနိုင်ကြောင်းဒေသခံတွေကဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်အဝင်လမ်းကြောင်းဟာ ပုံမှန်အားဖြင့် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနဲ့ ဗန်းမောက် – ဟုမ္မလင်းကားလမ်းနှစ်လမ်းရှိပေမယ့် လက်ရှိမှာတော့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းဟာစစ်ရေးအခြေအနေကြောင့် ပုံမှန်သွားလာလို့မရတာ မကြာခန ရေကြောင်းလမ်းပိတ်စို့တာတွေကြောင့် ယင်းလမ်းပိုင်းကနေကုန်စည်သယ်ယူဖို့ခက်ခဲ ပြီး ကုန်ကြောင်းကိုသာအဓိကအားထားလာရတာလို့သိရပါတယ်။
ဗန်းမောက်မြို့ကိုတော့လက်ရှိ KIAနဲ့ ကာကွယ်ရေးပူးပေါင်းထိန်းချုပ်ထားဆဲ ဖြစ်ပြီး စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေက ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းကနေစတင်ပြီးတန်ပြန်ထိုးစစ်ဆင်နေတာကြောင့်လက်ရှိဗန်းမောက်မြို့အနီးဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။
By – Zaw Zaw



