သတင်း

ဖားကန့်မှာ ထိုးစစ်တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ချို့ပြန်ထွက်ခွာ

ဖားကန့်ဒေသမှာ ငါးလကျော်ခန့်အကြာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ချို့ ဖားကန့်ကားမိုင်းလမ်းဘက်ဦးတည်ပြီး ပြန်ထွက်ခွာသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကြောင်းဝင်ရောက်လာကတည်းက တပ်စွဲထားတဲ့ မှော်ဆီစာကျေးရွာ ဘုရားကုန်းနေရာနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)နေရာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းတွေ ပြန်ပြီးဆုတ်သွားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မှော်ဆီစာဘုရားကုန်းမှာ နေရာယူထားတဲ့ စစ်ကြောင်းကဆုတ်သွားပြီ။ ကျန်တဲ့နေရာတွေမှာရှိနေသေးတဲ့ မော်ဝမ်းကြီး၊ မော်ဝမ်းလေး ၊ မော်မောလယန်ဘက်တွေမှာကျန်သေးတယ်။ တခြားစစ်တပ်နေရာယူထားတဲ့ နေရာတွေမှာတော့ရှိနေသေးတယ်။ အားလုံးပြန်ဆုတ်သွားတဲ့ အနေအထားတော့မရှိဘူး။ နောက်ပြီး အမှိုက်ပုံဘက်မှာ နေရာယူထားတဲ့ တစ်ချို့လည်း ဆုတ်သွားတယ်လို့ကြားပါတယ်လို့ပြောပါတယ်။

စစ်ကြောင်းတွေက အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး ဖားကန့်မြို့အဝင်ယမ်းချက်စက်ရုံကနေ တစ်ဆင့် ကားမိုင်းလမ်းဘက်ကို စစ်အင်းအား ၂၀၀ ခန့်ရှိတဲ့ စစ်ကြောင်းက လမ်းခရီးထောက်ပြီး ထွက်ခွာနေတယ်လို့ သိရပါတယ်။

အခုလို စစ်ကြောင်းတစ်ချို့ထွက်ခွာလာပြီးနောက် တိုက်ပွဲဖြစ်နေတဲ့ မလန်းကျေးရွာဘက်မှာလည်း တိုက်ပွဲပြန်ငြိမ်သွားတာ ၂ ရက်ခန့်ရှိလာသလို လက်နက်ကြီးပစ်ခတ်သံတွေလည်း ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့အထိ မကြားရေသေးဘူးလို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

လုံးခင်းကနေ ဖားကန့် ယမ်းချက်စက်ရုံအထိ စစ်ကြောင်းထွက်ခွာသွားတဲ့ လမ်းတစ်လျှောက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့ပေမယ့် စစ်ကြောင်းတွေ ထွက်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်ဘက်ကနေ စစ်အင်အားတစ်ချို့ ဖားကန့်ဒေသထဲကနေ ပြန်ပြီးထွက်ခွာသွားတာဟာ တပ်ချိန်းတာဖြစ်နိုင်သလို တစ်ခြားတိုက်ပွဲ‌နေရာဒေသကို ပြန်ထိုးဖို့လည်း ဖြစ်နိုင်တယ်လို့ ဖားကန့် KPDF ကတာဝန်ရှိသူတစ်ဦး အခုလိုသုံးသပ်ထားပါတယ်။

စစ်အင်အားတစ်ချို့ပြန်ဆုတ်သွားတာကသေချာပါတယ်။ တိုက်ပွဲမဖော်ဆောင်တော့ပဲ ညှိနှိုင်းပြီး ဆုတ်သွားတာလား။ စစ်တပ်ရဲ့ အမိန့်ကြောင့် တခြားလိုအပ်နေတဲ့ နေရာမှာဖြည့်ဖို့ လားပြောဖို့တော့ခက်တယ်။ ဖားကန့်အကျိုးစီးပွားနယ်မြေဆိုတော့လေ တိတိကျကျပြောဖို့ခက်ပါတယ်။ အများဆုံးထွက်သွားတာက မှော်ဆီစာဘုရားကုန်းကပါတယ်။ လုံးခင်းမျောက်ကုန်းနေရာတွေက ဆုတ်သွားတာပါ။ အင်းအားက တစ်ရာကျော်နဲ့ ၂၀၀ လောက်ရှိပါတယ်လို့ပြောပါတယ်။

ဖားကန့်ဒေသကို ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်ကြောင်းထိုးထားတဲ့ စစ်အင်အား ၈၀၀ နဲ့ တစ်ထောင်ကြားမှာရှိနိုင်တယ်လို့ ဖားပြည်သူတွေပြောပါတယ်။

အဲဒီစစ်အင်အားထဲက ၂၀၀ ခန့်သာ စစ်ကြောင်းပြန်ထွက်ခွာသွားတာဖြစ်တာကြောင့် လိုအပ်တဲ့နေရာတွေမှာ ပြန်ဖြည့်တင်းဖို့ ထွက်ခွာသွားတာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဖားကန့်ကို စစ်ကြောင်းစတင်ထိုးလာတဲ့အခါမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အင်အားအသုံးပြုပြီး ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိ စစ်တပ်ဝင်ရောက်ထားနိုင်တဲ့ နေရာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေကို ပြန်ပြီးထိန်းချုပ်ခိုင်းစေလိုတာကြောင့် စစ်အင်အားတစ်ချို့ပြန်ပြီး ဆုတ်ခွာသွားတာဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

အခုလို စစ်ကြောင်းတစ်ချို့ပြန်ပြီး ထွက်ခွာသွားပေမယ့် အင်အားအများပိုင်းက ဖားကန့်ဒေသမှာ ကျန်ရှိနေသေးတာကြောင့် ဖားကန့်တိုက်ပွဲက ငြိမ်သက်သွားမှာမဟုတ်ဘူးလို့ တော်လှန်ဖွဲ့ဝင်တွေပြောပါတယ်။

ဖားကန့်ဒေသခံတစ်ချို့ပြောဆိုချက်အရတော့ ဖားကန့်ဗျူဟာမှူး အပြောင်းအလဲထပ်မံလုပ်တာကြောင့် လုံခြုံရေးရယူဖို့ ကားမိုင်းဘက်မှာ ဆင်းသွားတာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် ၅ လကျော်အတွင်းမှာ ဖားကန့်ရဲ့ လူဦးရေထူထပ်ပြီး ယခင်အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့တဲ့ ရွာအကြီးတွေကို စစ်တပ်အာဏာရဖို့ တိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ကားမိုင်းနန့်ယား ဖားကန့်လမ်းပိုင်း၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖာကန့်မြို့တွင်းနေရာတော်တော်များများကို စစ်တပ်က ဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button