ကွတ်ခိုင်မှာ တအာင်းစာပေနဲ့အလံသုံးခွင့် ကိုးကန့်ကပိတ်ပင်ထား
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကျေးရွာတွေမှာ ကိုးကန့်တပ်က တအာင်း(ပလောင်)စာပေနှင့် အလံတွေအသုံးပြုခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ဟာ တအာင်း(ပလောင်) စာနဲ့ရေးထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကိုဖျက်လိုက်တဲ့အပြင် ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွေမှာလည်း တအာင်းအလံတွေ မထောင်ဖို့၊ စာသင်ကျောင်းဆိုင်းဘုတ်တွေမှာလည်း တအာင်းစာတွေမရေးဖို့ ပြောတာတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။
“ရွာအဝင်ဆိုင်းဘုတ်တွေအပြင် ကျေးရွာစာသင်ကျောင်းတွေမှာလည်း တအာင်းအလံတွေမထောင်ဖို့၊ စာသင်ကျောင်းဆိုင်းဘုတ်တွေမှာ တအာင်းစာတွေမရေးဖို့ ပြောတာမျိုးတွေ ရှိတယ်။ အစည်းအဝေးက နှစ်နေရာ၊ သုံးနေရာလုပ်တော့ တစ်နေရာနဲ့ တစ်နေရာပြောတာတော့ မတူဘူး။ တချို့နေရာကလည်း တအာင်းစာသုံးလို့ရတယ်ပြော၊ တစ်ချို့ကတော့ သုံးလို့မရဘူးပြောတယ်။ ဒါပေမယ့် သုံးလို့ရတယ်ပြောပြော သုံးလို့မရဘူးပြောပြော လက်ရှိ သူတို့ ဆိုင်းဘုတ်တွေဖျက်သွားတာတွေ၊ တအာင်းစာနဲ့ရေးထားတာ အကုန်သူတို့ဖျက်သွားတာပါပဲ။ သူတို့လုပ်တဲ့ ပုံစံက သုံးလို့မရဘူး ဆိုတဲ့ပုံစံဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ တအာင်းလူငယ်တစ်ဦးက ပြောပါတယ်။
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့၊ ရွာတွေမှာ ရွာခံတအာင်းလူထုတွေကို စည်းရုံးရေးတွေ၊ အစည်းဝေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒ့ါအပြင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြို့ ၊ ရွာတွေမှာ တအာင်းအလံ၊ တအာင်းစာတွေနဲ့ ရေးထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကိုလည်း ကိုးကန့်တပ်က ပျယ်ဖျက်လိုက်ပြီး တအာင်းစာနေရာမှာ
တရုတ်စာပြောင်းရေးပြီး ရွာအဝင်ဆိုင်ဘုတ်တွေကို ပြုပြင်နေတယ်လို့ သိရပါတယ်။
အဓိက လူသွားလူလာများတဲ့ ပန်ကူ၊ ပန်ဆေး၊ မန်နောင်၊ ကုန်းကြမ်း၊ ပန်လော့၊ ဟိုဆိုင်၊ ဟိုနောင်၊ နမ့်လတ် ၊မန်တုံ စတဲ့ကျေးရွာအဝင်ဆိုင်းဘုတ်ကို ပြုပြင်ပြောင်းလဲလိုက်ပြီး လူသွားလူလာနည်းတဲ့ ကျေးလက်တွေမှာတော့ ပြုပြင်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှုကို ထိခိုက်စေတဲ့အပြင် ဒါဟာ တအာင်းပြည်သူတွေအတွက်လည်း လက်ခံနိုင်စရာတော့ မရှိဘူးလို့ တအာင်းလူငယ်က ဆက်ပြောပါတယ်။
“တအာင်းစာတွေ၊ တအာင်းဆိုင်းဘုတ်မှာ အလံတွေခြယ်တယ်ဆိုတာ အခုမှမဟုတ်ဘူး TNLA မြို့သိမ်းမှမဟုတ်ဘူး ဟိုအရင်စစ်အာဏာမသိမ်းခင်ကတည်းက ဒေသခံတွေက ဒီလိုမျိုးပဲ ရေးထားတာဟုတ်တယ်။ အခု MNDAA အုပ်ချုပ်မှ အဲလိုမျိုး အလံတွေ မခြယ်ရဘူး၊ စာတွေ သုံးခွင့်မပြုဘူးဆိုတာတော့ ဒေသခံတွေအနေနဲ့လည်း လက်မခံနိုင်ဘူး စာပေ၊ အလံတွေဆိုတာ လူမျိုးစုတစ်ခုရဲ့ ဝိဒေသလက္ခဏာတွေဖြစ်တယ်။ ဒီလိုမျိုး စာပေတွေ၊ အလံတွေကို သုံးခွင့်မပြုဘူးဆိုတာက လူမျိုးစုတစ်စုလုံးကို ပျောက်ကွယ်သွားအောင် လုပ်ချင်တယ်လို့ ပဲ မြင်တယ်။ ပြီးတော့ ဒေသခံတစ်ယောက်အနေနဲ့လည်း ဒီလိုမျိုးကို လုံး၀ကန့်ကွက်တယ်၊ လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး”လို့ ကွတ်ခိုင်နယ်ခံ တအာင်း(ပလောင်)လူငယ် က ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း ကွတ်ခိုင်မြို့နယ်အတွင်း PSFL/TNLA ပညာရေးဌာနအောက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို MNDAA က အားလုံးပိတ်သိမ်းလိုက်ပြီး မြို့တွင်း မနက်ပိုင်းတရုတ်စာသင်ပြီး ညနေပိုင်းမြန်မာစာသင်တဲ့ စနစ်ကိုသွားဖို့ ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးကို MNDAA သိမ်းပိုက်လိုက်ပြီးနောက် ဧပြီလ ၂၀ ကျော် ဒီအပတ်အတွင်းမှာပဲ နမ္မတူမြို့ဘက်ကိုလည်း မြို့အဝင် လမ်းပိုင်းနေရာတွေမှာ ကိုးကန့်တပ်တွေ ဝင်ရောက်နေရာယူ ဂိတ်စခန်းလာချထားတာတွေ ရှိတယ်လို့ ဆက်လက်သိရပါတယ်။
“အခုသူတို့က နမ္မတူမြို့နယ်တစ်ဝက်ခန့်ကို ဝင်ရောက်စီးနင်းထားနိုင်ပြီဖြစ်တယ်။ MNDAA တွေ အင်အားတွေ ဘယ်လောက်ထိသုံးထားတယ်၊ ဝင်ရောက်ထားတယ်ဆိုတာတော့ အတိအကျမသိပါဘူး။ ကျနော်တို့ကတော့ သူတို့ဒီဘက်လာပြီး ဂိတ်စခန်းတွေ လာချထားတာကိုပဲ အတည်ပြုပေးနိုင်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိချိန်ထိတော့ ကိုးကန့်တပ်ဖွဲ့တွေ နမ္မတူမြို့တွင်းထိ ဝင်ရောက်လာတာမျိုး မရှိသေးဘူးပေးမယ့် နမ္မတူမရောက်ခင် ၁၀ မိုင်လောက်အကွာမှာ ကိုးကန့်ဂိတ်စခန်းတွေ လာချထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ကိုးကန့်တွေဟာ အစက လားရှိုးသွားလမ်း အီနိုင်းတံတားမှာပဲ ဂိတ်စခန်းချထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ နမ္မတူမြို့ဝင်တဲ့ လမ်း နှစ်ဖက်စလုံးမှာ MNDAA ဂိတ်တိုးချဲ့ ထားတာဖြစ်ပါတယ်။
နမ္မတူမြို့အဝင် လုတ်လေကျေးရွာ TNLA ဂိတ်အနီးကပ်ရပ် လာရောက်နေရာယူဂိတ်လာချတာဖြစ်ပြီး နမ္မတူမြို့ဝင်တဲ့ အခြားတစ်ဖက်လမ်းမှာလည်း နောက်ထပ်ဂိတ်လာချထားတာရှိတယ်လို့ ဆိုပါတယ်။
နမ္မတူနဲ့ လားရှိုးဟာ ၂၄ မိုင် အကွာအဝေးရှိပါတယ်။ လားရှိုးမြို့အနီး အီနိုင်းအထိ ရှေ့ပိုင်းက TNLA ဂိတ်ရှိခဲ့ပေမယ့် ကိုးကန့်နဲ့ TNLA တို့ပဋိက္ခဖြစ်ပွားခဲ့ပြီးနောက် TNLA ဂိတ်တွေ ရုတ်သိမ်းဆုတ်ခွာသွားတာလို့ ဆက်လက်သိရပါတယ်။
ဒီအပတ်အတွင်းမှာပဲ နမ္မတူမြို့ထဲက တအာင်း(ပလောင်) တပ်ဖွဲ့တချို့က ပစ္စည်းတွေသယ်ပြီး မန်တုံဘက်ကို ပြောင်းရွှေ့သွားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောက်မှာ လက်ရှိ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမတစ်ခုလုံးကို ကိုးကန့် MNDAA က ထိန်းချုပ်ထားတာဖြစ်ပြီး နမ့်ဖတ်ကာမြို့ကတော့ KIO အုပ်ချုပ်ရေးယန္တရားအောက် လည်ပတ်နေပါတယ်။
By – ဂျာဘောက်ရာ




