စစ်ရေးသတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့ စစ်ဘေးစတင်တိမ်းရှောင်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးလာပြီဆိုတဲ့သတင်းကြောင့် အင်းတော်မြို့ခံတစ်ချို့စတင်တိမ်းရှောင်နေကြ ရပြီလို့ မြို့ခံတွေကပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ် မြောက်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ မော်လူးမြို့ နဲ့ နဘားရွာတို့မှာနေထိုင်ကြတဲ့ ဒေသခံအများစု ဒီရက်ပိုင်းအတွင်းမှာပဲ ဘေးလွှတ်ရာနေရာတွေကိုစတင်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
“လောလောဆယ် ပြည်သူတွေကတော့ ရှောင်နေကြတာဟုတ်တယ်။ ဘေးလွှတ်မယ်ထင်တဲ့နေရာတွေပေါ့လေ။ ကားကြီး ကားငယ်တွေနဲ့ ပစ္စည်းတွေတိုက်ပြီးရှောင်ကြတာ။ တကယ်လို့စစ်ကြောင်းဝင်လာခဲ့ရင် မီးရှို့ဖျက်စီးတာတွေလုပ်မှာစိုးလို့ ပေါ့ဗျာ။”လို့ အင်းတော်မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိ ရှောင်တိမ်းနေရတဲ့ကာလအတွင်း ဒေသခံတွေကတော့ ကားငှားဖို့နဲ့ ကားရှာဖွေဖို့ အခက်အခဲတွေကြုံတွေ့နေရတဲ့အပြင် ကားခတွေလည်းပိုပြီးကုန်ကျပြီး အခုလို သွားလာရေးအခက်အခဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ဖို့အတွက် ကုန်ကျစရိတ်တွေ များပြားနေတယ်လို့သိရပါတယ်။

ဒါ့ကြောင့် အခြေနေတွေအရ စီးပွားရေးအဆင်မပြေသူတွေဟာ ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘဲ မိမိနေရာတွင်သာ ဆက်လက်နေထိုင်နေကြရပြီး အဆင်ပြေမှုရှိတဲ့မြို့ခံတွေကတော့ ဘေးကင်းရေးအတွက်ရှောင်တိမ်းနေကြတဲ့အခြေနေပဲဖြစ်ပါတယ်။
“လက်တလောရှောင်တဲ့အတောအတွင်းမှာတော့ ကားငှားမရတာတို့၊ ကားရှာမရတာတို့၊ ကားခတွေပေးရတာပေါ့လေ။ အဲ့အတွက် ကုန်ကျတာမျိုးတော့ရှိတယ်။တချို့အဆင်မပြေတဲ့သူတွေကလည်းမရှောင်ကြဘူး။ ဒီကာလမှာအဆင်မပြေတဲ့ သူတွေက ခပ်များများဆိုတော့ မရှောင်ကြဘူး။ ဒါပေမဲ့ အဆင်ပြေတဲ့သူတွေကတော့ရှောင်ကြတယ်။ “လို့အထက်ပါမြို့ခံကဘဲဆက်ပြောပါတယ်။
စစ်ကော်မရှင်တပ်ကိုထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ဝန်းကျင်ကတည်းက အင်းတော်မြို့နယ်ကို ဧပြီလ ၂၅ ရက်နေ့အပြီးသတ်သိမ်းပိုက်ဖို့ရှိကြောင်း ဆက်တိုက်ရေးသားမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုရေးသားမှုတွေတွေ့ရတဲ့နောက်ပိုင်း ဧပြီလ ၂၃ ရက်နေ့ကစလို့ ကသာမြို့ကစစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အင်းတော်မြို့ကို ဦးတည်လာပြီးစစ်ကြောင်းထိုးလာတာကြောင့် ကသာမြို့အထွက် ကသာ–နဘား–အင်းတော်လမ်းပိုင်း၊ နတ်ရေတွင်းနဲ့ သူတော်တောင်ထိပ်အနီးတစ်ဝှိုက် နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်းနှစ်ဖက်တပ်တွေအကြားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သာကနဦးသိရပြီး တိုက်ပွဲအခြေနေကို အသေးစိတ်သိရဖို့ အတွက် KNG က ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ထီးချိုင့်မြို့နယ်ကိုပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ကသာမြို့နယ်၊ အင်းတော်မြို့နယ်တို့ကိုပါ အလုံးစုံ ထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားနေပြီး စစ်အင်အားဖြည့်တင်းတာတွေလည်းဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။
By – အမိုး




