မြစ်ဆုံရေကာတာစီမံကိန်း ထာဝရဖျက်သိမ်းပေးဖို့ လူငယ်များတောင်းဆို
မြစ်ဆုံဆည် အလိုမရှိကြောင်းနဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ရပ်ကို မြစ်ကြီးနားဒေသခံ လူငယ်တွေက ဒီကနေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇွန် ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ မြစ်ဆုံရေကာတာစီမံကိန်း ထာဝရဖျက်သိမ်းပေးရန်၊ မြစ်ဆုံဆည်အလိုမရှိကြောင်းနဲ့ မြစ်ဆုံသည် ရောင်းကုန်မဟုတ်၊ ဧရာဝတီမြစ် ရှင်သန်ဖို့ မြစ်ဆုံကို ကာကွယ်ကြဖို့ တိုက်တွန်းတောင်းဆိုတဲ့ အစီအစဉ်ကို လုပ်ဆောင်ခဲ့တယ်လို့ မြစ်ကြီးနားဒေသခံ လူငယ်တွေဆီက သိရပါတယ်။
“လူငယ်တွေမှာလည်း အမြင်တွေအများကြီးရှိတယ်။ ဒါပေမယ့် လူငယ်တွေအားလုံးကလည်း ဒီမြစ်ဆုံစီမံကိန်းကို မလုပ်သင့်ဘူးဆိုတာ သိတယ်။ ဒါပေမယ့် ဒီကာလမှာ ဒါကို အလေးနက်မထားနိုင်ကြဘူး။ ဒါကို ကန့်ကွက်ကြတယ်။ ဒါပေမယ့် အပြောနဲ့ပဲ တတ်နိုင်ပြီး Action ပိုင်းမှာ အားနည်းနေကြရတာ ဖြစ်တယ်။ ဒါကြောင့် ဒါကို ကျနော်တို့ လူငယ်တွေ မကာကွယ်ရင်၊ မပါဝင်ရင် နောက် Generation တွေလည်း ဒီအပေါ် စိတ်ဝင်စားမှု လုံးဝရှိလာမှာ မဟုတ်တော့ဘူး” လို လှုပ်ရှားမှုမှာ ပါဝင်သူ လူငယ်တစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားဒေသခံ လူငယ်တချို့ ပြုလုပ်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ မြစ်ဆုံရေကာတာစီမံကိန်း ထာဝရဖျက်သိမ်းပေးရန်၊ မြစ်ဆုံဆည်အလိုမရှိ၊ လွတ်လပ်စွာ စီးဆင်းပါစေ ဧရာဝတီ၊ ဧရာဝတီကို ကာကွယ်ကြပါစို့၊ ပြည်သူ့အသံ နားထောင်ပါ၊ မြစ်ဆုံသည် ရောင်းကုန်မဟုတ် စတဲ့ စာတမ်းတွေကို ဧရာဝတီမြစ်ပေါ် မျောချပြီး တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်းနဲ့ စီမံကိန်းဖျက်သိမ်းပေးရန် မြစ်ကြီးနားမှာ ဒေသခံတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြားကနေ လှုပ်ရှားမှုနဲ့ တောင်းဆိုမှုအစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်အစိုးရခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေက မြစ်ဆုံစီမံကိန်းပေါ် လူထုတွေရဲ့ သဘောတူညီမှုကို အတင်းအဓမ္မရယူတဲ့ လှုပ်ရှားမှုတွေ၊ စည်းရုံးရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“မြစ်ဆုံဟာ ဂေဟစနစ်ပျက်စီးမှုနဲ့ သဘာဝက တစ်နေ့ထက်တစ်နေ့ ပိုပြီး ပျက်စီးယိုယွင်းနေပြီ။ အဲဒီမှာ ပိုဆိုးတာက မြစ်ဆုံစီမံကိန်းလုပ်ဖို့ဆိုပြီး ဝင်ရောက်လာကတည်းက သူတို့ တောင်တွေကို ဖျက်ဆီးပစ်တယ်၊ သူတို့ယူချင်တာ အကုန် တူးဖော်ထုတ်ယူလိုက်တယ်။ ဒါတောင် အခု ရေကာတာ မလုပ်သေးဘူး။ ရေကာတာလုပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ သူတို့ဖျက်ဆီးလိုက်တဲ့ မြေယာတွေ၊ တောတောင်တွေ အတော်များနေပြီ။ အခု မြစ်ဆုံစီမံကိန်း ပြန်လုပ်မယ်ဆိုတော့ ဒီထက်ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ ထပ်ကြုံရမှာ။ ဒါကြောင့် ကျနော်တို့ လူငယ်တွေ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်လို့ ခံယူတယ်” လို့ မြစ်ကြီးနားဒေသခံ လူငယ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကလည်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) နဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေ ပူးပေါင်းပြီး စစ်ကော်မရှင်ဖော်ဆောင်နေတဲ့ မြစ်ဆုံစီမံကိန်း ကန့်ကွက်ရေး လှုပ်ရှားမှုအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။
အဲဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံ ၈၀ ကျော် စုဝေးကာ ဧရာဝတီမြစ်တစ်နေရာမှာ မြစ်ဆုံစီမံကိန်းကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုမှု အစီအစဉ် ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကော်မရှင်က ပြန်လည်ကြိုးစားနေတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ဥပဒေထုတ်ပြီး ခြိမ်းခြောက်ထားတာကြောင့် ဒေသခံတွေဟာ မြစ်ဆုံရေကာတာကို လွတ်လပ်စွာ ကန့်ကွက်နိုင်ဖို့အတွက်လည်း လုံခြုံရေးစိုးရိမ်မှုတွေ ကြုံနေရပါတယ်။
ဒါပေမယ့် ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ မြစ်ဆုံဆည် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ပုံမှန် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြစ်ဆုံရေကာတာစီမံကိန်း လုံးဝဖျက်သိမ်းသွားရေးအတွက် ဒေသအသင်းအဖွဲ့အားလုံး ပါဝင်လာနိုင်ဖို့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ သဘောထားကိုလည်း ထုတ်ပြန်ပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုနေတာ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




