ရွှေကူမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံရဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ရွှေကူမြို့ထဲကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရွှေဘုန်းမြင့်ရွာထဲ ဝင်ရောက်လာပြီး အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“ရွာထဲမှာတင်မဟုတ်ဘူး၊ ရွာအဝင်မှာပါ သတ်ထားတာတွေရှိတယ်။ တစ်ရက်ထဲမှာပဲ အရပ်သား ၅ ယောက် သတ်ခံရတယ်။ ထောက်ပို့လုပ်တယ်ဆိုပြီး စွပ်စွဲပြီး သတ်ထားတာ”လို့ ဆိုပါတယ်။
သတ်ခံရသူတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦး ပါဝင်တယ်လို့ ကနဦးသိရပြီးတော့ အမည်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် ရွာထဲမှာ တခြားဒေသခံတွေကိုလည်း ဖမ်းထားတာတွေရှိနေပြီး တစ်ချို့လည်း လုံခြုံရေးအခြေအနေကြောင့် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်တွေဟာ ရွှေကူမြို့နယ်ထဲက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာလေးခုခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။
“တိုက်ပွဲကတော့နေ့တိုင်းပဲ မနေ့က (ဇွန် ၁၄ရက်)နေ့ညပိုင်းတော့ခနလေးနားကြတယ် အဓိကတော့အထက်လေးလမ်းဆုံပဲ အဲ့မှာအကြီးအကျယ်ဖြစ်နေတာမနေ့ကအထိတော့ အထက်လေးလမ်းဆုံက စကကဘက်ကရလိုက် ကိုယ့်ဘက်(KIAပူးပေါင်းတပ်)ဘက်ကရလိုက်ပဲ”လို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။

စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ဘက်ကို ရွှေကူတပ်တွင်းနဲ့ ငါးဘတ်ကြီးကုန်းကျေးရွာ နှစ်နေရာကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရပါတယ်။
လက်ရှိ ရွှေကူမြို့နယ်ထဲက KIAပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ကျေးရွာတွေဘက်စစ်ကြောင်းထိုးနေတဲ့စစ်သားတွေဟာ ရွှေကူ ခ.လ.ရ ၅၆ တပ်ထဲကစစ်သားတွေနဲ့ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကနေစပြီး ရွှေကူ–ငအိုးကားလမ်းကနေတဆင့် တကောင်း၊ထီးချိုင့်ဘက်က ဝင်လာတဲ့စစ်ကောင်စီစစ်သားဖြစ်ကြောင်းသိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲကိုစစ်အင်အားဖြည့်တင်ဖို့အတွက် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကနေစပြီး ရွှေကူ –ငအိုးကားလမ်းပိုင်းကနေတဆင့် ထီးချိုင့်၊တကောင်းဘက်ကနေ စစ်အင်အားရာနဲ့ချီပြီး ဝင်ရောက်လာနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လက်ရှိရွှေကူ ငအိုးကားလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ရေးအတွက် AA တပ် ကလည်းနောပင်ကြီးလမ်းခွဲကနေ ငအိုးဘက်အထိစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။
ရွှေကူမြို့ထဲကိုစစ်အင်းအားဖြည့်ဖို့ ငအိုးဘက်ကနေတက်လာတဲ့စစ်ကောင်စီ စစ်ကားခြောက်စီး ရွှေကူမြို့ထဲကိုဝင်ရောက်သွားတဲ့ နောက် နှစ်မြောက်နေ့ ဇွန်လ ၈ နေ့မှာတော့ KIAက ရွှေကူမြို့ထဲမှာရှိနေတဲ့အရပ်သားတွေအားလုံး မြို့ကနေ ယာယီတိမ်းရှောင်ထားကြဖို့နဲ့ ရွှေကူ ငအိုးကားလမ်းပိုင်းကိုပိတ်လိုက်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
By – Zaw Zaw




