စစ်ရေးထိန်းချုပ်မှုများကြား ပူတာအိုဆေးရုံသုံး ဓာတ်မှန်စက်သိမ်းဆည်းခံရ

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းရှိ KIA နဲ့ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ် (Putao PDF) တွေရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပူတာအိုပြည်သူ့ဆေးရုံအတွက် တင်ပို့လာတဲ့ ဓာတ်မှန်ရိုက်စက် (X-ray Machine) တစ်လုံးကို သိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ စိစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဓာတ်မှန်ရိုက်စက်ကို ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားကနေ ပူတာအိုဘက်တက် လာတဲ့ ကုန်တင်ကားတစ်စီးပေါ်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီကားမှာ ပူတာအိုအခြေစိုက် ခ.. (၄၆) တပ်ထဲ ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေနဲ့အတူ သယ်ဆောင်လာတာကြောင့် KIA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် PDF တွေက ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ပူတာအိုမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကတော့ အဆိုပါ ဓာတ်မှန်ရိုက်စက်ဟာ ပြည်သူ့ဆေးရုံအတွက် မှာယူထားတဲ့ ပစ္စည်းဖြစ်ကြောင်း KNG ကို အတည်ပြုပြောဆိုထားပါတယ်။

ကျွန်တော်တို့ ပြည်သူ့ဆေးရုံက ဓာတ်မှန်စက် ဟုတ်ပါတယ်။ မှာထားတာ ကြာပြီဗျ။ လမ်းအခြေအနေ မငြိမ်လို့ အခုလို ကြာနေတာ။ နောက်ပြီး လေယာဉ်နဲ့ တင်ရဖို့ကလည်း Cargo မဆံ့လို့ ကားနဲ့ တင်ရတာ ဟုတ်တယ်။ ပြည်သူ့ဆေးရုံကပါဗျ။ ပြည်သူတွေအရမ်းလိုအပ်နေတဲ့ ပစ္စည်းပါလို့၎င်းကပြောပါတယ်။

သို့သော် ဓာတ်မှန်စက်ကို စစ်တပ်ထဲပို့မယ့် ကုန်ပစ္စည်းတွေ ပါဝင်တဲ့ ယာဉ်နဲ့အတူ တင်ဆောင်လာတာကြောင့် စိစစ်မှုတွေ လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပစ္စည်းတွေက တင်လာပြီးတော့ တစ်စီးထဲမှာ ပါလာတာဆိုတော့ အဲ့တာကို စိစစ်နေဆဲပါ။ ပြည်သူ့ဆေးရုံက ဟုတ်မဟုတ် စစ်ဆေးစုံစမ်းနေတုန်းပါဗျ လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းကလည်း အဆိုပါ ဓာတ်မှန်ရိုက်စက်ဟာ ပူတာအိုမြို့နယ်ပြည်သူ့ဆေးရုံပိုင် ပစ္စည်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ပူတာအိုဒေသသို့ အမြန်ဆုံး ပို့ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

ပူတာအိုဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပြီး ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ သယ်ယူပို့ဆောင်ရာမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ 

လက်ရှိမှာ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းရှိ မြစ်ကြီးနားမြို့အထွက်နဲ့ ပူတာအိုမြို့အဝင်နေရာတွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး လမ်းပိုင်းအများစုကို KIA နဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာကြောင့် ကုန်ပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း သယ်ယူပို့ဆောင်ရေးတွေမှာ စိစစ်မှုနဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button