ရွှေကူမြို့တွင်းတပ်အတွက် လေထီးဖြင့် ထောက်ပို့ပစ္စည်းများချပေး
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်တပ်ဘက်က မြို့တွင်းအခြေစိုက်တပ်အတွက် လေယာဉ်ပေါ်ကနေ လေထီးအသုံးပြုပြီး ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ ညနေ ၅ နာရီကျော်အချိန်မှာ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဟာ ရွှေကူမြို့ပေါ်ကနေ ပျံသန်းခဲ့ပြီး လေထီးတွေနဲ့ ပစ္စည်းတွေ ချပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရွှေကူတပ်ကို မြို့တွင်းတပ်ကို လာချတာဟုတ်တယ်။ ဒီနေ့ ညနေ ၅ နာရီကျော်။ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေလည်း ရှိပါတယ်”လို့ ရွှေကူမြို့ခံတစ်ဦးက KNG ကို ပြောပါတယ်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ လက်ရှိ ရွှေကူမြို့တွင်းမှာ စစ်ကောင်စီရဲ့ ခလရ (၅၆) နဲ့ ခမရ (၆၀၂) တပ်ရင်းတွေ အခြေစိုက်ထားပြီး မြို့တွင်းကိုစစ်တပ်ကအလုံးစုံထိန်းချုပ်ထားနိုင်တဲ့အခြေနေဖြစ်တယ်လို့ သိရပါတယ်။
KNG က ရရှိထားတဲ့ ဓာတ်ပုံတွေအရလည်း စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးက လေထီးနဲ့ ပစ္စည်းတွေ ချနေတာကို တွေ့ရပေမဲ့ ချလိုက်တဲ့ ပစ္စည်းအမျိုးအစားကို သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လက်ရှိ ရွှေကူမြို့နယ်တစ်ဝှိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း မဘိမ်းမြို့နယ် ငအိုးဒေသဘက် ကနေ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေချိန် အခုလို လေကြောင်းကနေ ထောက်ပို့ပစ္စည်းလာချပေးတာ ဖြစ်ပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လတ်တလော တိုက်ပွဲတွေဟာ ငအိုး–ရွှေကူ လမ်းပိုင်းတစ်လျှောက်မှာ ဖြစ်ပွားနေတာဖြစ်ပြီး အဆိုပါဒေသတွေဟာ ဗန်းမော်ဘက်ကို ဦးတည်တဲ့ စစ်ကြောင်းတွေအတွက် ဗျူဟာကျတဲ့ နေရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ငအိုးဘက်ကနေ ရွှေကူကိုသွားတဲ့လမ်းဘက်မှာဖြစ်ပါတယ်။ ရွှေကူနဲ့လည်း သိပ်မဝေးပါဘူး။ သူတို့က အဲ့လမ်းကနေ တက်သွား ရင်တော့ ဗန်းမော်ဘက်ကို ဦးတည်တဲ့ စစ်ကြောင်းတွေအတွက် ဗျူဟာကျတဲ့နေရာတွေဖြစ်ပါတယ်။ မြို့တွင်းလောက်မှာတော့ မဟုတ်ဘူး။ ငအိုး–ရွှေကူကြားကနေ အရှေ့ဘက်ခြမ်းမှာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ အဓိက လုပ်ဆောင်နေတယ်လို့ သူက ဆက်ေပြာပါတယ်။
“အဓိကတော့ အဲ့ဒီလေကြောင်းကနေ ဗုံးကြဲတာကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာပဲ အဓိက သူတို့ဗုံးကြဲတာဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်မှာကတော့ ပြည်သူလူထုက မရှိသလောက်ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒါပေမယ့် ရွှေကူမြို့တွင်းမှာတော့ ဒေသခံတချို့ ထွက်ခွာတိမ်းရှောင်နေကြသလို တချို့မှာလည်း မြို့အတွင်း ဆက်လက်နေထိုင်နေ ကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်ဟာ ဗန်းမော်နဲ့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အဲဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးနဲ့ ဆက်စပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
ဒေသခံသတင်းရင်းမြစ်တွေရဲ့ အဆိုအရ လတ်တလော ငအိုး–ရွှေကူလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ထောက်ပို့နဲ့ အင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လတ်တလော ရွှေကူမြို့နယ်တစ်ဝှိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်လာတာကြောင့် ဒေသခံအများအပြားဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတချို့ကတော့ လုံခြုံရေးအခြေအနေကြောင့် မြို့တွင်းကနေ ထွက်ခွာလိုပေမယ့် သွားလာရေးအခက်အခဲတွေနဲ့ စားဝတ်၊ နေရေး အခြေအနေတွေကြောင့် ဆက်လက်နေထိုင်နေကြရဆဲဖြစ်တယ်လို့ပြောပါတယ်။
By – အမိုး




