ရွှေကူကို ဘာကြောင့် အပြိုင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြသလဲ

ကချင်ပြည်နယ် ရွှေကူမြို့နယ်တစ်ဝှိုက်မှာ လတ်တလော တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးဒေသကနေ အင်အားထပ်မံဖြည့်တင်းနေပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အဆိုအရ အခုလို တိုက်ပွဲတွေပြင်းထန်နေရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ရွှေကူမြို့နဲ့ မဘိမ်းငအိုးရွှေကူ လမ်းကြောင်းရဲ့ စစ်ရေးအရေးပါမှုက အဓိကအချက်တစ်ခုအဖြစ်ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့ ရွှေကူမြို့နယ်ဟာ ပထဝီအနေအထားအရ ကချင်ပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းကြား ဆက်သွယ်ထားတဲ့ နေရာမှာ တည်ရှိနေပြီး မြောက်ဘက်မှာ ဗန်းမော်ဒေသ၊ တောင်ဘက်မှာ ကသာဒေသ၊ အရှေ့ဘက်မှာ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းဒေသတို့နဲ့ ဆက်စပ်နေပါတယ်။

ဒါ့အပြင် အနောက်ဘက်မှာတော့ ဧရာဝတီမြစ်ကြောင်း ရှိနေတာကြောင့် ကုန်းလမ်းသာမက ရေကြောင်းအရလည်း အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မဘိမ်းငအိုးရွှေကူ လမ်းကြောင်းဟာ ဒေသအတွင်း အရေးပါတဲ့ ဆက်သွယ်ရေး လမ်းမကြီးတစ်ခုဖြစ်ပြီး ရွှေကူကနေတဆင့် ဗန်းမော်ဒေသနဲ့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေကို ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။

ဒီလမ်းက မဘိမ်းကနေ ငအိုး၊ ပြီးရင် ရွှေကူကို ဆက်သွယ်ထားတဲ့ အဓိကဆက်သွယ်ရေးလမ်းမကြီးပေါ့။ ရွှေကူမြို့နယ်ကို ဖြတ်ပြီး ဗန်းမော်အထိလည်း တက်လို့ရတယ်။ ကချင်ပြည်နယ်အထက်ပိုင်းနဲ့ တရုတ်နယ်စပ်ဒေသတွေအထိ ဆက်သွယ်ထား တာဖြစ်လို့ ကုန်စည်စီးဆင်းမှုရော ထောက်ပို့လမ်းကြောင်းရော အားလုံးအတွက် အရေးကြီးတဲ့လမ်းကြောင်းဖြစ်တယ်။ ဒါကြောင့် အဓိကလမ်းမကြီးတစ်ကြောကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာလို့ ယူဆလို့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အထူးသဖြင့် မဘိမ်းငအိုးရွှေကူ လမ်းကြောင်းဟာ ရွှေကူကို ဖြတ်ပြီး ဗန်းမော်ဒေသနဲ့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေကိုဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အဲဒီကနေတဆင့် တရုတ်နယ်စပ်ဒေသတွေအထိ ဆက်လက်ချိတ်ဆက်ထားတာကြောင့် ကုန်စည်စီးဆင်းမှု၊ လူသွားလူလာနဲ့ စစ်ရေးထောက်ပို့လုပ်ငန်းတွေအတွက် အရေးပါတဲ့ လမ်းကြောင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ကုန်းလမ်းအပြင် ရေကြောင်းအရလည်း ရွှေကူဟာ အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိနေတဲ့အတွက် မြစ်ကြောင်းအသုံးပြုတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ရေးဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုတွေမှာပါ အချက်အချာကျတဲ့ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

လက်ရှိမှာတော့ ရွှေကူမြို့အထွက် နဲ့ ငအိုးရွှေကူလမ်းပိုင်း သုံးခွဒေသတွေမှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆို ထားပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ရွှေကူဟာ ဗန်းမော်ကို ဦးတည်တဲ့ စစ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး စစ်တပ်ဘက်က ရွှေကူကို ဖြတ်ပြီးတော့ ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ဆင်ရေးလို့ သုံးသပ်ထားပါတယ်။

ရွှေကူရောက်ပြီဆိုရင်တော့ သူတို့က ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ဦးတည်ချက်ကရှိတယ်။ ဒါကြောင့် KIA နဲ့ ပူးပေါင်းတပ် တွေကလည်း အတတ်နိုင်ဆုံး ကြားဖြတ်ပြီးမှ ခုခံတိုက်ပွဲတွေ နေ့တိုင်းလိုရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေကလည်း စစ်ကြောင်းတွေကို ကြားဖြတ်ဟန့်တားတဲ့ တိုက်ပွဲတွေ ဆင်နွှဲနေကြတာလို့ သိရပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ ရွှေကူကို ထိန်းချုပ်နိုင်ခြင်းဟာ မြို့တစ်မြို့ကို ထိန်းချုပ်နိုင်ခြင်းထက် ပိုပြီး အရေးကြီးတယ်လို့ သုံးသပ်ကြပါတယ်။

အကြောင်းကတော့ ရွှေကူဟာ ဗန်းမော်ဒေသနဲ့ ကချင်ပြည်နယ်အထက်ပိုင်းသို့ သွားရောက်နိုင်တဲ့ လမ်းကြောင်း တွေရဲ့ ဆုံချက်တစ်ခု ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လမ်းပိုင်းကို ထိန်းချုပ်နိုင်သူဟာ ကချင်ပြည်နယ်အတွင်း စစ်အင်အားရွှေ့ပြောင်းမှု၊ လက်နက်ခဲယမ်းနဲ့ ထောက်ပို့ပစ္စည်း စီးဆင်းမှုတွေမှာ အသာစီးရနိုင်တာကြောင့် ရွှေကူမြို့နယ်ဟာ လက်ရှိ ကချင်ဒေသ တိုက်ပွဲတွေရဲ့ အရေးပါတဲ့ စစ်ရေးအချက်အချာဒေသတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေကူမြို့နယ်ဟာ ဒေသတွင်းတိုက်ပွဲတွေရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ဆက်လက်ရှိနေပြီး နှစ်ဖက်တပ်တွေရဲ့ စစ်ရေးရည်မှန်းချက်တွေမှာ အရေးပါဆုံး နေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။

အထူးသဖြင့် ဗန်းမော်နဲ့ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေကိုဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးဟာ လက်ရှိ စစ်ဆင်ရေးတွေရဲ့ အဓိကဦးတည်ချက်တွေထဲက တစ်ခုဖြစ်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့တွေဟာ  ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်ဒေသဟာ ကချင်ပြည်နယ်အတွင်း အရေးကြီးတဲ့ စစ်မျက်နှာတစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ဗန်းမော်ဒေသအလုံးစုံပြန်ရဖို့နဲ့ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကိုပြန်ရဖို့ စစ်ရေးအရ အရေးပါတဲ့ ရွှေကူငအိုးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button