နယ်မပြောင်းချင်တဲ့ ရဲတွေကို သိန်း ၁၀၀ အထိ တောင်းခံနေတယ်လို့ဆို
ကချင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေအပြောင်းအရွှေ့မှာ ငွေကြေးပေးနိုင်သူတွေကို နယ်မပြောင်းဘဲ လူစားထိုးပြောင်းရွှေ့ပေးနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တချို့က KNG ကို ပြောပါတယ်။
ပြည်နယ်ရဲမှူးကြီး ၊ ဒုတိယရဲမှူး နဲ့ ရဲထောက်ရဲမှူးတို့ဘက်က နယ်မပြောင်းလိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက ငွေကြေးတောင်းခံပြီး အပြောင်းအရွှေ့စာရင်းကနေ ဖယ်ပေးကာ တခြားရဲတပ်ဖွဲ့ဝင်တွေကို လူစားထိုးပြောင်းရွှေ့စေတယ်လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပြည်နယ်ရဲမှူးကြီးရဲ့ PSO ရဲအုပ် သီဟဇော်က နယ်မပြောင်းချင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက ငွေကျပ် သိန်း ၁၀၀ အထိ တောင်းခံပြီး ပေးနိုင်သူတွေကို အပြောင်းအရွှေ့စာရင်းကနေ ဖယ်ပေးတယ်လို့ ဆိုပါတယ်။
“ပြည်နယ်ရဲမင်းကြီးဦးမျိုးဆွေ PSO ဖြစ်သူ ရဲအုပ် သီဟဇော်က နယ်မပြောင်းချင်တဲ့ ရဲတပ်တွေစီကနေ သိန်းတစ်ရာ တောင်းပါတယ်။ ပေးနိုင်တဲ့သူကို နယ်မပြောင်းရဘဲ တခြားသူတွေကို တစ်ဖက်လှည့်နဲ့ နယ်ပြောင်းရွှေ့ခိုင်းပါတယ်” လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။
ဒါ့အပြင် ရဲမှူးကြီးတွေနဲ့ နီးစပ်သူတွေ၊ ငွေကြေးရှာပေးနိုင်တဲ့ စခန်းမှူးနဲ့ နယ်ထိန်းတချို့ဟာ အပြောင်းအရွှေ့စာရင်းမှာ မပါဘဲ နေရာကောင်းတွေမှာ ဆက်ရှိနေကြပြီး တခြားရဲတပ်ဖွဲ့ဝင်တွေကိုသာ အလှည့်ကျ နယ်ပြောင်းစေတယ်လို့ ဆိုပါတယ်။
“ပြည်နယ်ရဲမင်းကြီးမိန်းမအတွက် ပိုက်ဆံရှာပေးနိုင်တဲ့သူတွေနဲ့ အောက်ခြေသိမ်းလုပ်ပေးနိုင်တဲ့ ရဲမိန်းမတွေရဲ့ အမျိုးသားတွေကို နယ်ပြောင်းရွှေ့စာရင်းထဲ လုံးဝမထည့်ပါဘူး” လို့ အဲဒီရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒါ့အပြင် ရဲမင်းကြီးတွေရဲ့ အမျိုးသမီးတွေအတွက် လစဉ်အသုံးစရိတ်အဖြစ် နယ်မြေခံရဲစခန်းတွေကနေ ငွေကြေးပေးဆောင်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
ခုလို အထက်အရာရှိတွေအတွက် ငွေကြေးရှာပေးရတာတွေ ရှိနေတဲ့အတွက် အောက်ခြေရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လာဘ်ပေးလာဘ်ယူတာတွေ ပိုလုပ်လာရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အပြောင်းအရွှေ့ကို တရားဝင်စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ပေးဖို့နဲ့ အထက်အရာရှိတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေရာချထားတာတွေကို စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံရဲချုပ်နဲ့ ကချင်ပြည်နယ် နယ်လုံဝန်ကြီးတို့ကို ရဲတပ်ဖွဲ့ဝင်တချို့က တောင်းဆိုနေကြပါတယ်။
By – Zami



