ပူတာအိုတွင် လာဖမ်းသည့် လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား
ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဇွန်လ ၂၈ရက် ယနေ့ မွန်းလွဲ ၃နာရီဝန်းကျင်ခန့်တွင် ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို ရဲနှင့်စစ်သားများက အိမ်စီးကားအပါ ကား ၆စီး၊ စစ်အင်အား ၄၀ ဝန်းကျင်ခန့်က လာရောက်ဝန်းရံ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။
“သူတို့လာဖမ်းတဲ့ လူငယ်က မရှိတော့ သူ့ယောက်ဖကို ဖမ်းဆီးသွားတယ်။ လူစားအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ပုံစံဟုတ်တယ်။ လာဖမ်းတဲ့ သူက ထွက်ပြေးလွတ်သွားတော့ သူ့အိမ်မှာရှိနေတဲ့ သူ့ယောက်ဖဖြစ်သူကို ခေါ်သွားတယ်။ အဲ့ကြောင့် ဖမ်းခံရတဲ့ သူရဲ့မိသားစုဝင်တွေက အရမ်းစိုးရိမ်နေတယ်” ဟု ပြောဆိုသည်။
ကိုရင်းထန်ထယ်ရမ်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီ ဒလန် သတင်းပေးချက်အရ ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက် ၃၀ ဝန်းကျင် ဦးရင်ထန်ဒီးဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းခံထားကြောင်း သိရသည်။