ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာစဉ် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သော ခရီးသည် ၂ဦး Quarantine မဝင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် စိုးရိမ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၂ရက်နေ့ မြစ်ကြီးနားမှ ပူတာအိုသို့တက်လာသည့် ခရီးသည်ကားတစ်စီးကို မူလာရှီးဒီစစ်ဆေးဂိတ်တွင် ကားသမား အပါ ၇ဦးကို စစ်ဆေးခဲ့ရာ ၆ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ထို ၆ ဦးအနက် ၂ဦးမှာ တိမ်းရှောင်နေကြောင်း ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့က ခရီးသည်ကားကို ဂိတ်မှာစစ်တယ်။ စစ်ဆေးတော့ ခရီးသည် ၆ယောက်မှာ ပိုးတွေ့တယ်။ တစ်ယောက်ပဲလွတ်တယ်လို့သိရတယ်။ ကျန်တဲ့ ၄ယောက်က Quarantine ဝင်ကြတယ်။ ၂ယောက်က ထွက်ပြေးသွားတယ်တဲ့။ ဒီပူတာအိုမြို့အတွင်းမှာဘဲ တိမ်းရှောင်နေတာဖြစ်တယ်” ဟု ပြောဆိုသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် ခရီးသည် ၂ဦးမှာ သတ်မှတ်ထားသည့် Quarantine Center တွင်ဆေးကုသမှုခံယူမှု မရှိသည့်အတွက် ပူတာအိုဒေသတစ်ဦးအနေဖြင့် အလွန်စိုးရိမ်နေကြောင်း သူကဆက်ဆိုသည်။

“ပူတာအိုမှာ ကိုဗစ်သာကူးစက်နေတာ အရမ်းပေါ့ဆကြတယ်။ လူတွေသေနေပေမယ့် ဘာကြောင့်သေမှန်းတောင် မသိကြဘူး။ ဒီချိန်မှာက တကယ်အထူးဂရုစိုက်ရမယ့်အချိန် ဖြစ်တယ်။ ဒီထက်ပိုဆိုးလာမှာဘဲ စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပူတာအိုက တစ်ခြားမြို့နဲ့မတူဘူး။ အောက်စီဂျင်ရယူမယ့်နေရာလည်းမရှိဘူး။ သေချာလုပ်ပေးမယ့် အဖွဲ့အစည်းလည်း မရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဘဲ ကုသနေကြတာဖြစ်တယ်။ ဒါကြောင့်အရမ်းစိုးရိမ်ရတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၁ရက်နေ့ကလည်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုဗစ်အတည်ပြုလူနာအဖြစ် ပထမဆုံးအကြိမ် သေဆုံးသွားကြောင်း သိရသည်။

ပူတာအိုတွင် ဇူလိုင်လ ၇ရက်နေ့မှစ၍ ကိုဗစ်အတည်ပြုလူနာ ၆ဦး ပထမဆုံးအကြိမ်စစ်ဆေးတွေ့ရှိခဲ့ပြီး ဇူလိုင်လ ၂၃ရက်နေ့အထိ ကူးစက်ခံရသူ ၃၀ ကျော်ရှိနေပြီဟု သိရသည်။

Show More
Back to top button