သတင်း

ဝါရာဇွပ်ကျေးရွာပိုင် သစ်တောမှ သစ်ထုတ်ယူနေမှုကို အမြန်ရပ်တန့်ရန် ဒေသခံများတောင်းဆို

ဖားကန့်မြို့နယ် တနိုင်း လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နယ်နမိတ်တွင် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရရှိဘဲ လူတစ်စုက သစ်စက်ထောင်ပြီး သစ်ထုတ်လုပ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ဝါရာဇွပ်ကျေးရွာအနီး ဒေသခံများကိုယ်တိုင်သစ်မခုတ်ရ တားမြစ်ထားသော CF နေရာတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်တစ်ဦး နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၁၄) မှ တာဝန်ရှိသူတစ်ဦးတို့ပူးပေါင်းပြီး သစ်ထုတ်လုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခု သူတို့ သစ်စက်ထောင်ပြီး သစ်ထုတ်နေတဲ့နေရာက ဒေသခံတွေရဲ့ CF သတ်မှတ်ထားတဲ့နေရာ ဖြစ်တယ်။ ဒေသခံအားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်တယ်။ ကျနော်တို့ ဒေသခံတွေကိုယ်တိုင်လည်း အဲ့နေရာမှာ ဘယ်သူမှ သစ်ခုတ်လို့မရအောင် တားမြစ်ထားတယ်။ ဒါကိုသူတို့က အာဏာပါဝါသုံးပြီး သစ်တွေထုတ်ယူနေတာက မကောင်းဘူး။ ဒါကို ဘယ်မှ သဘောမတူကြပါဘူး” ဟု ပြောဆိုသည်။

ဒေသခံပြည်သူများ နှစ်ကြာရှည် CF မြေနေရာအဖြစ် သတ်မှတ်ထားသည့် သစ်တောနေရာတွင် သစ်ထုတ်ယူနေသည့် လုပ်ရပ်ကို အမြန်ရပ်တန့်ပေးစေလိုကြောင်းနှင့် သူကဆက်ဆိုထားသည်။

“သူတို့လုပ်နေတဲ့ ပုံစံက ဒေသခံတွေကို ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေတယ်။ ဒါကို ကျနော်တို့က လက်ခံစရာအကြောင်း မရှိဘူး။ အသုံးလိုလို့ သစ်ထုတ်ယူတယ်ဆိုရင်တောင် လိုတာထက်ပိုနေပြီ။ ဒီနေရာက ကျနော်တို့ ဒေသခံတွေအားလုံးနဲ့ဆိုင်တဲ့ နေရာဖြစ်တဲ့အတွက် ရွာခံတွေကို အသိပေးသင့်တယ်။ ရှိတဲ့ အာဏာကို ဗန်းပြပြီး လုပ်ချင်သလို စိတ်ကြိုက်လုပ်လို့မှ မရတာ။ ဒါကြောင့် တောင်းဆိုချင်တာက အမြန်ရပ်တန့်ပေးပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ  သစ်ထုတ်ယူနေသည့် နေရာမှာ ဝါရာဇွပ်ကျေးရွာ၏ အနောက်ဘက်ခြမ်း ၃မိုင်ခန့်အကွာတွင်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်း CF နေရာအဖြစ် ဒေသခံများသတ်မှတ်ထားသော သစ်တောမြေ ၁၅ ဧကတွင် ကျရောက်နေသောကြောင့် ဒေသခံပြည်သူများက ကန့်ကွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိ သစ်ထုတ်လုပ်နေသူတစ်ဦးက သစ်မထုတ်ခင်က ၎င်းထံသို့ အကြောင်းကြားမှုရှိခဲ့ကြောင်း ဝါရာဇွပ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သူတို့သစ်ထုတ်ယူဖို့ ဖုန်းနဲ့အကြောင်းကြားလာတာရှိတယ်။ မွေးမြူရေးအတွက် လိုအပ်တဲ့ တဲဆောက်ဖို့ဆိုပြီး ပြောလာတယ်။ ကျနော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးရင်တော့ ထုတ်ယူဖို့ ပြောလိုက်တယ်။ ဒါပေမယ့် အဲ့ဒီနေရာဘက်မှာ ဒေသခံတွေရဲ့ CF နေရာရှိတယ်။ အဲ့ထဲမှာရှိတဲ့ သစ်တွေကိုတော့ မယူဖို့တော့ ပြောလိုက်တယ်။ ကျနော်လည်း အဲ့ဒီနေရာကို မရောက်သေးတော့ သေချာမသိရသေးဘူး” ဟု ပြောဆိုထားသည်။

ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဒေသများတွင် ယခင်ကတည်းက ယုဇနကုမ္ပဏီ နှင့်ဒေသခံများကြား မြေယာပြဿနာရှိနေခဲ့ပြီး ယခု ယုဇန ကုမ္ပဏီထွက်ခွာသွားပြီးနောက်ပိုင်းလည်း ရွှေတူးဖော်မှု၊ သစ်ထုတ်မှု ကိစ္စများဖြင့် ပြဿနာများရှိနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button