သတင်း

မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး

စစ်အာဏာသိမ်းကာလ မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း လာရောက်ကြည့်ရှူသူ နည်းပါးနေကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော်ကြာပိတ်ထားသည့် ဧရာရုပ်ရှင်ရုံကို စစ်ကောင်စီမှ ဧပြီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

“မနေ့ကစဖွင့်လိုက်တယ် ရုပ်ရှင်ရုံက ကျနော့အိမ်ကနေ လှမ်းမြင်နေရတော့ လာကြည့်တဲ့သူများတယ်။ နည်းတယ်ဆိုတာ မြင်နေရတယ်။ ဒီနှစ်ရက်မှာတော့မရှိဘူး နည်းတယ်။ ရုံရှေ့မှာ ဆိုင်ကယ် ၄စီး၊ ၅ စီး လောက်ပဲ ရပ်ထားတယ်ဗျ။ လာတဲ့သူက မရှိသလောက်ကိုနည်းတယ်”ဟုရုပ်ရှင်ရုံအနီးနေထိုင်သည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦး ပြောသည်။

ဧရာရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင်ကားများပြသည့် ရုံ (၁)နှင့် နိုင်ငံခြားရုပ်ရှင်ကားများပြသည့် ရုံ (၂)ဟူ၍ ရှိပြီး လတ်တလော နှစ်ရုံစလုံးဖွင့်လှစ်ပြသပေးလျက်ရှိသော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေများကြောင့် မကြည့်ဖြစ်သေးကြောင်း မြစ်ကြီးနားမြို့ လူငယ်တစ်ဦးက ပြောသည်။

“ကျနော်ကိုယ်တိုင်တော့ သွားမကြည့်ဖြစ်သေးဘူးဗျ ဘာလို့ဆိုအခြေအနေကလည်း မတည်ငြိမ်သေးဘူးလေ နည်းနည်းဆို ဟိုနားထကွဲ ဒီနားထကွဲဖြစ်နေတာ ပြီးတော့ကိုဗစ်ရောဂါကြီးရလည်းမပျောက်သေးတော့ ကြည့်ဖို့ စိတ်ကူးမရှိသေးဘူး”ဟု ယင်းလူငယ်ကပြောသည်။

ဧရာရုပ်ရှင်ရုံရှိ ရုံ (၁) လူပေါင်း ၄၀၀ အထိဝင်ရောက်ကြည့်ရှူနိုင်ပြီး ယခင် အစိုးရလက်ထက်ကာလများတွင် လာရောက်ကြည့်ရှူသူများပြီး လက်မှတ်များရောင်းမလောက်ဖြစ်သောကြောင့် ရုပ်ရှင်လက်မှတ်ကို ၃ရက်ခန့်အလိုတွင် ကြိုတင်ဝယ်ထားရသည်အထိလာရောက်ကြည့်ရှူသူများခဲ့သည်။

ဧရာရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ရသည့်အခြေအနေနဲ့ပတ်သက်၍ ဧရာရုံ ရှင်ရုံ ရုံးဖုန်းအားဆက်သွယ်မေးမြန်းရာ ဖုန်းလက်ကိုင်ဖြေကြာ ပေးခြင်းမရှိခဲ့ပေ။

မြစ်ကြီးနား ဧရာရုပ်ရှင်ရုံအပါအဝင် မြန်မာပြည်တစ်ဝှမ်းရှိ ရုပ်ရှင်ရုံအများအပြားကို ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင် ရပ်နားထားခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့ ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

Show More

Related Articles

Back to top button