သတင်း

ကချင်ပြည်နယ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ် ထပ်မံ ချိတ်ပိတ်ခံရ

ကချင်ပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်မှ ယခုလအတွင်း ချိတ်ပိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအထိ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့် လက်ရှိ သယံဇာတဝန်ကြီး ဦးတူးခေါင်၏ နေအိမ် ကိုသာ ချိတ်ပိတ်ခဲ့သော်လည်း ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ၏ နေအိမ်ကို ထပ်မံ ချိတ်ပိတ်ခဲ့ကြောင်း NLD ပါတီ ကချင်ပြည်နယ် အလုပ်မှုဆောင် ဦးဝင်းနိုင် ပြောသည်။

“ကျနော့အိမ်ကတော့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ချိတ်ပိတ်သွားတာ။ ခုနောက်ဆုံးကြားနေရတာတော့ ဗန်းမော် လွှတ်တော် ကိုယ်စားလှယ်၊ ပူတာအိုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်ခံလာရတယ်။ ပြီး‌တော့ ထောင်ဒဏ်ချမှတ်ထားခံရပြီး ဖြစ်တဲ့ မိုးညှင်းကိုယ်စားလှယ်ကိုလည်း လူတစ်ယောက်လုံးကိုတောင် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ထောင်ချထားတာ သူ့နေအိမ်ပါ ချိတ်ပိတ်ဖို့ထိ ခြိမ်းခြောက်လာတာတော့ သူတို့အတွက်က နောက်ဆုံး မီးတောက်‌မို့နေမှာ” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်ရှိ CRPH ကော်မတီဝင်တစ်ဦးဖြစ်သည့် ပြည်နယ်အလုပ်အမူဆောင် ဦးဝင်းနိုင်၏ နမ္မတီးမြို့ နေအိမ်ကို ချိတ်ပိတ်ခဲ့သည့်အပြင် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် NLD ပါတီ ဗန်းမော်ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ် ချိတ်ပိတ်ခဲ့ပြီး၊ မေလ ၂၅ ရက်နေ့ ကချင်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်၏ ပူတာအိုမြို့ရှိ နေအိမ်တို့ကို ချိတ်ပိတ်ခဲ့သည်။

“ဗန်းမော်လွှတ်တော်ကိုယ်စားလှယ် ဦဇော်သင်းအိမ်က မိသားစုဝင်တွေလည်း အရင်ကတည်းက ရှောင်နေကြပြီးသား နေအိမ်အလွှတ်ကို လာပြီး ချိတ်ပိတ်သွားတာ ဟုတ်တယ်” ဟု ဗန်းမော်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၏ နေအိမ်လည်း ချိတ်ပိတ်ရန်အတွက် အိမ်၌နေထိုင်သည့် မိသားစုဝင်များအား ပြောင်းရွှေ့ခိုင်း‌နေကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းသည် လက်ရှိချိန် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့်လည်း ထပ်မံတရားစွဲဆို ခံထားရဆဲဖြစ်သည်။

AAPP ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် မှ မြန်မာတစ်နိုင်ငံလုံး အာဏာသိမ်းချိန်မှစကာ ဧပြီလ အထိ ချိတ်ပိတ်ခဲ့သည့် နေအိမ်၊ အဆောက်အဦးပေါင်း ၅၇၀ ထက်မနည်းရှိကြောင်း ထုတ်ပြန်ထားသည်။

NLD ပါတီဗဟိုအလုပ်ကော်မတီ၏ မေလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ အာဏာသိမ်းပြီးနောက် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင် ၂၀၉ ဦး ၏ နေအိမ် နှင့် ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button