သတင်း

မဲဇာရွာတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာတွင် မပေါက်ကွဲပဲ ကျန်ရှိနေသည့် လက်နက်ကြီးတစ်လုံး ထပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။

မဲဇာရွာ ရပ်ကွက် ၆ ရှိ နေအိမ်ဝင်းတစ်ခုတွင် ကျခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မပေါက်ကွဲဘဲရှိနေခဲ့ရာ ယနေ့ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အိမ်ရှင်အမျိုးသမီးမှ ဖယ်ရှားရန်လုပ်နေစဉ်ပေါက်ကွဲခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က KNG သို့ ပြောသည်။

“လက်နက်ကြီးကျည်အမျိုးအစားက 79 ကျည်အမျိုးစားလို့လည်း ပြောနေကြတယ်။ တံမြက်စည်းလှဲရာနေရင်းနဲ့ တွေ့လို့ ကောက်ပစ်မယ်လုပ်တဲ့အခါမှာ ပေါက်ကွဲပြီးမှသေ သွားတာ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီး မှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မလွေဆိုသူ ဖြစ်ပြီး မဲဇာ ရပ်ကွက် ၆ တွင် နေသူဖြစ်ကြောင်း သိရသည်။

ယခုပေါက်ကွဲခဲ့သည့် လက်နက်ကြီးသည် မဲဇာရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောသည်။

အင်းတော်မြို့နယ် မဲဇာရွာတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမှာ ယခုပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button