သတင်း

ဖားကန့်တွင် သူခိုးဟု ယူဆသည့် လူငယ် ၇ ဦးကို လက်နက်အဖွဲ့ တစ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ် ၇ ဦးကို သူခိုးဟု ဆိုကာ လက်နက်ကိုင်ထားသည့် အဖွဲ့တစ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင်လည်း နောက်ထပ်တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။

ပထမဆုံး လူငယ် ၆ ဦးမှာ ဇွန်လ ၉ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့် လုံးခင်းကျေးရွာ ရပ်ကွက်(၁) နေအိမ်တစ်အိမ်တွင် ရှိနေစဉ် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဇွန်၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း တစ်ဦးထပ်မံ ဖမ်းဆီးခံရကြောင်း လုံးခင်း မှ အမျိုးသားတစ်ဦး က KNG သို့ ပြောသည်။

“သူတို့ဖမ်းခံတာရဟုတ်တယ် ဒါပေမယ့်သူတို့က သူခိုးတွေတဲ့ ဆေးသမားတွေတဲ့။ ဘယ်ဘက်က ဖမ်းတယ်ဆိုတာ မသိရသေးဘူး လိုက်နေတုန်း ဒီနေ့လည်း အေးမြသာယာထဲက တစ်ယောက်ပြန်ပါသွားတယ်။ မနေ့က ဖမ်းခံရတဲ့ကောင်တွေ ဖော်ကောင်လုပ်လို့နေမှာ”ဟု လုံးခင်းကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းခံရသည့် လူငယ်များမှာ အသက် ၂၀ – ၃၀ ဝန်းကျင်ဟု သိရပြီး ဖားကန့် မြို့မ ရပ်ကွက်မှ (၂) ဦး၊ လုံးခင်းရပ်ကွက် (၁) မှ သုံးဦး၊ လယ်ပြင်ကျေးရွာမှ တစ်ဦး ယနေ့ အေးမြသာယာရပ်ကွက်မှ တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ယခင်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဒေသတွင်း သူခိုးများကို အစုလိုက်ဖမ်းဆီးမှုဖြစ်စဉ် မကြာမကြာရှိခဲ့ဖူးကြောင်း အခြားဒေသခံတစ်ဦးက KNG သို့ ပြောသည်။

“အဲ့လိုမျိုးဖြစ်စဥ်ကတော့ မကြာမကြာရှိတယ်။ အခုချိန်က တော်လှန်ရေးကာလဆိုတော့ နိုင်ငံရေးနဲ့ဆက်စပ်တယ် ထင်ပြီးမှ ပတ်ဝန်းကျင်စကားအထင်မှားတာတွေလည်းရှိမှာပေါ့။ ဒီမှာကတော့ပေါ်တင် အဲ့လိုဖိုးသမားတွေဆိုတော့လေ အရင်ကလည်း အဲ့လိုအစုလိုက် ဖမ်းတာရှိတယ်။ ဆက်နွယ်နဲ့လူအကုန်လုံး ဖမ်းတယ်။ တစ်ခါတစ်လေတော့ သူတို့အားလုံး တစ်ဝိုင်းထဲ စားတာသောက်တာရှိတဲ့ချိန် ဖမ်းခံရတာရှိတယ်။ တချို့တော့အပြစ်ပေးပြီးပြန်လွတ်တယ် တချို့အပြစ်ကြီးရင် ပြန်မလွတ်တာလည်းရှိတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

သို့သော် လူငယ်များဖမ်းခံမှုသည် မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အသေးစိတ် မသိရသေးပါ။

ဖားကန့်ဒေသည် ကျောက်စိမ်းမှော်ဒေသဖြစ်သည့်အတွက် နေရာအနှံ့မှ လူမျိုးပေါင်းစုံ စုဝေးနေထိုင်သည့်ဒေသဖြစ်ပြီး ဖိုးသမား၊ ဆေးသမားနဲ့ ခိုးဆိုးလုနှိုက်မှုအဖြစ်အများဆုံး မြို့နယ်လည်း ဖြစ်သည်။

Show More

Related Articles

Back to top button