တိုက်ပွဲသတင်း

မိုင်းနောင် ကျေးရွာအနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲဖြစ်ပွား

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ နေလည် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

လုံးတုန်ဘက်မှ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့် ခြေကျင်ဖြင့် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း KIA တပ်ရင်း ၂၆ နယ်မြေအတွင်းကို ဝင်ရောက်လာသဖြင့် လမ်းခုလပ်တစ်နေရာတွင် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ၁ နာရီခန့်အကြာ နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု KIA တပ်ရင်း ၂၆ ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မိုင်းနောင်ရွာအပြင်ဘက် ကျမယ်။ ရွာကနေဆို ၃ မိုင်လောက်ရှိမယ်။ စစ်သားတွေက ဒီတိုင်း လမ်းဖြတ်လာတာ မဟုတ်ဘူး။ ကျနော်တို့ စခန်းရှိတဲ့ဘက်ကို ခြေလျင်နဲ့ ထိုးစစ်ဝင်လာတယ်။ အင်အားက တစ်ရာ မပြည့်ဘူး။ သူတို့ပုံမှန်သွားတဲ့လမ်း မဟုတ်ဘူးလေ။” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ နှစ်ဖက်တပ် နောက်ဆုတ်ခြင်းမရှိသေးဘဲ အပြန်အလှန်စောင့်ကြည့်သော အခြေအနေတွင် ဆက်လက်ရှိနေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိနိုင်ကြောင်း သူက ဆက်ဆိုထားသည်။

ပြီးခဲ့သောအပတ်တွင် ဖားကန့်ဘက် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နမ့်မတေး နှင့် နန့်မွန်း စသည့် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ခဲ့သည်။

Show More

Related Articles

Back to top button