သတင်း

ဖားကန့်တွင် လူထုသပိတ် နှင့် PDF အဖွဲ့တို့ စစ်တပ်ထုတ်ကုန်များ ဖမ်းဆီး ဖျက်ဆီးခဲ့ကြ

ဖားကန့်မြို့နယ်တွင် ဆန္ဒပြထုတ်ဖော်နေသည့် ပြည်သူလူထုများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တို့ပူးပေါင်းကာ စစ်တပ်ထုတ်ကုန်များဖြစ်သည့် ABC နှင့် Dragon စီဘီယာများ အဖာတစ်ရာကျော်ခန့်ကို ဖမ်းဆီးဖျက်ဆီးပေးနိုင်ခဲ့ကြောင်း ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ သိရသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လူထုသပိတ်စစ်ကြောင်းနှင့် PDF အဖွဲ့တို့က ဆိုင်းတောင်းကျေးရွာအုပ်စုရှိ စျေးဆိုင်တစ်ချို့နှင့် ရောင်းဝယ်ဖောက်ကားမှုများပြုလုပ်နေသော နေရာများတွင် လိုက်လံစစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးရရှိသော စီဘီယာများကို သိမ်းယူဖျက်ဆီးခဲ့ကြသည်ဟု ဖားကန့်မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။

“ဘာကြောင့် သိမ်းဆည်းတယ်ဆိုတာကတော့ အခုလိုအာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အချိန်မှာ စစ်တပ်ထုတ် ကုန်တွေကိုမရောင်းချကြဖို့ KIO အနေနဲ့လည်း ထုတ်ပြန်ထားပြီးသားရှိပါတယ်။ ဒါကဖားကန့်မြို့နယ်ထဲက ဆိုင်တချို့ထဲက စစ်ဆေးရမိလို့သိမ်းဆည်းရမိတာပါ။ ABC နဲ့ Dragon ဘီယာတို့အဖာတစ်ရာကျော် ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပြီးဖျက်ဆီးပေးလိုက်တယ်”ဟုဖားကန့် မြို့နယ်လုံးဆိုင်ရာ လူထုသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖားကန့်ဒေသတွင် တားမြစ်ထားသည့် စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ကြရန် KIO ဘက်က တားမြစ်ကြောင်း ထုတ်ပြန်ကြေညာထားမှုများရှိခဲ့သလို လူထုသပိတ်များတွင်လည်း စစ်ကောင်စီထုတ်ကုန်များ အားမပေးကြရန် ပုံမှန်ပြောဆိုမှုများနေသည့်အတွက်ကြောင့် ယခုကဲ့သို့သိမ်းဆည်းဖျက်ဆီးသွားမည်ကို အသိပေးမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

“ဆိုင်တွေမှာ ဝင်ရောက်စစ်ဆေးဖို့က သီသန့်အသိပေးထားတာမျိုးတော့မရှိပါဘူး။ KIO/KIA ရဲ့ သတိပေးထုတ်ပြန်ချက်လောက်ပါဘဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ သပိတ်ထွက်တဲ့ခါတိုင်းတော့ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတာတွေ မပြုလုပ်ဖို့၊ နောက် လက်လီလက်ကားရောင်းချတာတွေ မလုပ်ဖို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ဘာအသိမှမပေးထားပဲ လုပ်ငန်းဝင်တဲ့သဘောပါ”ဟုပြောဆိုသည်။

ဖားကန့် ဆိုင်းတောင်အုပ်စုအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်တပ်ထုတ်ကုန် ABC နဲ့ Dagon  စီဘီယာများ

လူထုသပိတ်အဖွဲ့နှင့် PDF တို့က နောက်ထပ် ရောင်ဝယ်ဖောက်ကားမှုများနှင့် ဝယ်ယူသုံးစွဲခြင်းများ မပြုကြရန် ထပ်မံသတိပေးထားပြီး နောက်တစ်ကြိမ်စစ်ဆေးမှုတွင် တွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုင်ရှင်များကို သတိပေးခဲ့ကြောင်း ဆက်သိရပါသည်။

ဖားကန့်ဒေသအတွင်း စစ်တပ်ထုတ်ကုန်များဖြစ်ကြသည့် Myanmar Beer ၊ Ram ၊ Andaman Beer ၊ Dagon Beer ၊ Mandalay Beer ၊ Black Shicld ၊ Myanamr Permium Beer နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သယ်ယူပို့ဆောင်ခြင်း၊ လက်လီလက်ကားရောင်းဝယ်ခြင်းမပြုရန် ယခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့ ရက်စွဲဖြင့် KIO ဖားကန့်ခရိုင်ရုံးမှ သတိပေးထုတ်ပြန်ကြေညာထားခြင်းဖြစ်ပါသည်။

ယနေ့ PDF အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော လူထုသပိတ်အဖွဲ့သည် ဖားကန့်မြို့နယ်တွင် ကာလကြာရှည် ဆက်သွယ်ရေး ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ထားခံရဆဲဖြစ်သော်လည်း နေ့စဉ်ပုံမှန် အဆက်မပြတ် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း သပိတ်မောက်လှုပ်ရှားနေသော အဖွဲဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ မိုးကောင်းနှင့် ဝိုင်းမော် စသောမြို့နယ်အသီးသီးတွင် စစ်တပ်မှ ဝင်ငွေရရှိနေသော စစ်တပ်ထုတ်ကုန်များကို တားမြစ်ကြောင်း သတိပေးထုတ်ပြန်ချက်များရှိခဲ့သလို KIO လိုင်ဇာမြို့နှင့် မြို့နယ်တစ်ချို့တွင် KIO ဘက်မှ အရေးယူဆောင်ရွက်မှုများရှိခဲ့ပါသည်။

Show More

Related Articles

Back to top button