သတင်း

မြစ်ကြီးနားတက္ကသိုလ်အနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းအနီးတွင် ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်ခန့်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်သည် Crown ကားအမျိုးအစားမောင်းနင်းလာသည့် အမျိုးသားတစ်ဦးက လမ်းမနဘေးတွင် သွားနေသော ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်ခဲ့ရာမှ ဆိုင်ကယ်မောင်းနင်းလာသည့် ၂ဦးအနက် တစ်ဦးက ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုပြောဆိုသည်။

“ကားမောင်းလာတဲ့သူက လမ်းဘေးမှာ ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ယောက်စလုံးကို ဝင်တိုက်တာ။ အဲ့မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားက ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်အမျိုးသမီးကတော့ ဒဏ်ရာရသွားတယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ လမ်းဘေးမှာရပ်‌ နေတဲ့အမျိုးသမီးတစ်ဦးကလည်း ထပ်တိုက်ခံရသေးတယ်”ဟုပြောဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးသွားသည့် အမျိုးသားသည် အသက် ၂၀ ဝန်းကျင်ခန့်ရှိသူဖြစ်ပြီး သူ၏ ခေါင်းနှင့် ရင်ဘက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်းနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာတွင် ထိခိုက်ဒဏ်ရာရှိသွားသည့် အမျိုးသမီး ၂ဦးသည်လည်း မြစ်ကြီနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည့် အမျိုးသားကို မြစ်ကြီးနား ယာဉ်ထိန်းရဲများနှင့်ဆက်သွယ်ပြီး အမှုဖွင့်အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ဆက်လက်သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုလ ဇွန်လ တစ်လအတွင်း ယာဉ်တိုက်မှု ၈ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီဖြစ်သည်။

Show More

Related Articles

Back to top button