သတင်း

KNC ဥက္ကဋ္ဌ ကို မြစ်ကြီးနားတွင် တရားစွဲထားသည့်အမှုမှ ကွင်းလုံးကျွတ်လွတ်ပေး

မြစ်ကြီးနားတွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတရားစွဲဆိုခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ၏ အမှုကို ဇွန်လ ၂၂ ရက်နေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ကွင်းလုံးကျွတ်လွတ်မြောက်ခွင့် ပေးလိုက်ကြောင်း သိရသည်။

ဒေါက်တာ M Kawn La ကို မြစ်ကြီးနားမြို့နယ်တရားရုံမှ စွဲဆိုထားသည့်အမှု နှင့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် စွဲဆိုခဲ့သောအမှု တူညီနေသည့်အတွက် လွတ်မြောက်ခွင့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု KNC ပါတီမှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“မြစ်ကြီးနားမှာ စွဲထားတဲ့အမှုက နေပြည်တော်မှာ စွဲဆိုထောင်ချခဲ့တဲ့ အမှုတစ်ခုတည်းသာဖြစ်နေတယ်။ ဒီအမှုတစ်ခုတည်းဘဲ ၂နေရာမှာ တရားစွဲဆိုသလိုဖြစ်နေတယ်။ အဲ့ကြောင့် ဒီအမှုတစ်ခုတည်းနဲ့ဘဲ ၂နေရာမှာ အမိန့်ချမှတ်လို့မရတဲ့အတွက် ကွင်းလုံးကျွတ်ဆိုပြီး ပြန်လွတ်ပေးလိုက်တယ်လို့ထင်တယ်”ဟု ပြောဆိုသည်။

မြစ်ကြီးနားတွင် ဒေါက်တာ M Kawn La ကို မြောက်ပိုင်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်ကာ ပုဒ် ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးချိန် ၆ကြိမ် ချိန်းဆိုခဲ့ပြီးနောက် ယခုလို လွတ်မြောက်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာ M Kawn La သည် ပြီးခဲ့သော မတ်လ ၂၃ရက်နေ့ နေပြည်တော်တွင် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံခဲ့ရပြီးနောက် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုခံထားရသည့်အတွက် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြစ်ကြီးနားတွင် စွဲဆိုခံရသည့်အမှုမှ လွတ်မြောက်ခွင့်ရရှိခဲ့သော်လည်း နေပြည်တော်တွင် ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရသည့်အမှုအတွက် ကျန်ရှိသော အချိန် ၁၀ လခန့်ကို မြစ်ကြီးအကျဉ်းထောင်တွင်သာ ဆက်လက် ကျခံသွားမည်ဖြစ်ကြောင်း KNC ပါတီ၏ ပြောဆိုချက်အရသိရသည်။

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်ခန့်တွင် နေပြည်သူတော်တွင် ဖမ်းဆီးခံလိုက်ရပြီး ၇ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် မတ်လ ၂၃ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

ဒေါက်တာ M Kawn La သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းသော ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူသော အစည်းအဝေးများတွင် ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ကချင်ပြည်နယ်ဆိုင်ရာ မူဝါဒများကိုရေးဆွဲရန်အတွက် Kachin People’s Political Front – KPPF ကို ဦးဆောင်ဖွဲ့စည်းမှုတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

Show More

Related Articles

Back to top button