သတင်း

ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ကသာမြို့ ဧရာဝတီမြစ်ကြောင်းပေါ်တွင် ငါးဖမ်းနေသူ အမျိုးသားတစ်ဦးအား ​စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်သတ်လိုက်‌ကြောင်း ဒေသခံများမှ သိရသည်။

ဇူလိုင် ၁၅ ရက် ယမန်နေ့ ည ၁၀ နာရီဝန်းကျင် စက်လှေဖြင့် ငါးဖမ်းနေသူ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ကင်းပတ်သွားလာစဉ် သေနတ်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကသာဒေသခံတစ်ဦးက KNG ကိုပြောသည်။

“ည ၁၀ နာရီလောက်ရှိမယ်ဗျ သေနတ် အချက် ၂၀ လောက် ဆက်တိုက်ပစ်သံကြားရတယ် ထွက်မကြည့်ရဲဘူး”ဟုပြောဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ သေဆုံးသွားသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ တွေ့ရှိပြီး မြစ်ကမ်းဘက်သို့ခေါ်ယူစဥ် စက်လှေမောင်းနင်းထွက်ပြေးခဲ့ရာ သေနတ်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

“စစ်သားတွေက ညတိုင်းကင်းပတ်တယ်။ သူတို့ ကျောက်တိုင်ဆိပ်နားရောက်တုန်း ငါးဖမ်းစက်လှေတွေ့တော့ ဓာတ်မီးအချက်ပြခေါ်တယ်လို့ သိရတယ်”ဟု ဆက်ဆိုထားသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားသည် အသက် ၃၀နှစ်အရွယ်ရှိသူ တစ်ဦးဖြစ်ပြီး ကာသာမြို့ အမှတ် ၃ ရပ်ကွက် အာဇာနည် ဗိုလ်ချုပ်ကျောက်တိုင်နှင့် အမက ၃ စာသင်ကျောင်းအနီး နေထိုင်သူဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button