တိုက်ပွဲသတင်း

ဆယ်ဇင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားနေ သောကြောင့် ယနေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက် ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

တာမခန်ဘက်မှ ဆယ်ဇင်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ကို ဆယ်ဇင်းကျေးရွာအနီး ချမ်းသာကျေးရွာ ရွာထိပ် နားတွင် KIA က ကြားဖြတ် ဝန်းရံပိတ်ဆို့ထားကာ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်ဘက် လေကြောင်းလိုင်း အသုံးပြုကာ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG ကိုပြောဆိုသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ ချမ်းသာရွာထိပ်မှာ KIA က စစ်သားတွေ ထွက်လို့မရအောင် ပိတ်ဆို့ထားတယ်။ ထွက်လို့မရတော့ လေယာဉ်ခေါ်ပြီး လာတိုက်နေတာ။ အထဲမှာ ဗမာစစ်သားတွေ အယောက် တစ်ရာ လောက် ပိတ်ဆို့နေတယ်လို့ကြားတယ်။ ဒီနေ့ တစ်ရက်ထဲ လာတိုက်တာ၃ကြိမ်ရှိပြီ”ဟုပြောဆိုသည်။

စစ်ကောင်စီဘက် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုသည် ယနေ့နံနက်ပိုင်း ၉နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ၁၀နာရီခွဲတစ်ကြိမ်၊ ၁၂နာရီဝန်းကျင်တွင် တစ်ကြိမ်ဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေသည့်အနေရာတွင် ၂ဖက်တပ် စစ်ရေးတင်းလျက်ရှိနေသည်ဟု ဆက်ဆိုထားသည်။

ဒေသခံပြည်သူများပြောဆိုချက်အရ ၂ဖက်တပ်ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီတပ်၏ လက်နက်ပစ္စည်းတစ်ချို့ကိုလည်း KIA ဘက်မှ သိမ်းယူနိုင်ခဲ့သည်ဟု ပြောဆိုထားသော်လည် KNG သတင်းဌာနမှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

KIA ၏ ပိတ်ဆို့တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် တပ်မ ၃၃ အောက် ၇၆တပ်ရင်း၊ ခလရ ၄၂ စုပေါင်းတပ်တို့ဖြစ်ကြပြီး ဆယ်ဇင်းဘက်သို့ စစ်အင်းအားတိုးချဲ့ရန် ယခုရက်ပိုင်းအတွင်း ခြေလျင်ဖြင့် တာမခန်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ၈နာရီဝန်းကျင်တွင် ဆယ်ဇင်းသို့ရောက်ရှိလာခဲ့ရာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆယ်ဇင်းတွင် ယနေ့ စစ်ကောင်စီတပ်နှင့် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုသည် ၂ရက်မြောက်ဖြစ်ပြီး ဆက်လက်တိုက်ပွဲပြင်းထန်နိုင် သည်ဟု သိရသည်။

Show More

Related Articles

Back to top button