သတင်း

ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် ရှမ်းနီ SNA တပ်သားများအပါ စစ်အင်အား ၂၀၀ ခန့်ချီတက်လာဟုဆို

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဘက်မှ ရှမ်းနီ SNA တပ်သားများအပါအဝင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ယနေ့ မွန်းလွှဲ ၄နာရီဝန်းကျင်ခန့်တွင် ချီတက်လာသည်ဟု သတင်းရရှိကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၂၆ ဘက်သို့ တိုက်ခိုက်ရန် စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီတပ်သည် လက်ရှိတွင် ဟုမ္မလင်းဒေသ တောင်ဦးကျေးရွာတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု ဆယ်ဇင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“အခုတောင်ဦးမှာရောက်နေပြီလို့ သိရတယ်။ ဘယ်လောက်မှ မဝေးတော့ဘူး။ နောက် ၁နာရီလောက်ဆို ဒီကိုရောက်နိုင်တယ်။ တိုက်ပွဲက ပိုပြင်းထန်ဖို့ဘဲရှိတယ်။ အဓိက ရှမ်းနီ SNA စစ်သားတွေ ၁၀၀ ကျော်လောက်ပါတယ်တဲ့”ဟုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသောနေရာသည် ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇူလိုင် ၁၆ရက်နေ့ တာမခန်ဘက်မှ ဆင်းလာသော စစ်ကောင်စီဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ပိတ်ဆို့ကာ တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုပိုမိုများပြားသည့်အတွက် ယနေ့တွင် တစ်ရက်အတွင်း ‌ဂျက်လေယာဉ်ဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဒေသခံများပြောဆိုချက်အရ ၂ဖက်တပ် ထိခိုက်မှုများနိုင်းသည်ဟု ပြောဆိုထားသော်လည်း ထိခိုက်မှုသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

Show More

Related Articles

Back to top button