သတင်း

ပူတာအို ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် နှစ်ညခြားတစ်ကြိမ်သာ မီးပေးနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို နှစ်ရက်ကြားတစ်ကြိမ်သာ မီးပေးနိုင်ပြီး ပျက်စီးထိခိုက်သွားသည့် ရေအားလျှပ်စစ်ပြုပြင်ချိန် အချိန်နှစ်လ ခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့က ည ၁၀ နာရီခန့် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုး လေးချက်ခန့်ပစ်ချခဲ့ရာ အထက်နမ့် ထွမ်ရေအားလျှပ်စစ်စက်ရုံတွင်လည်း တစ်ကြိမ်ထိခိုက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား အလုံအလောက် မထုတ်ပေးနိုင်သောကြောင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို အလေ့ကျစနစ် ဖြင့်နှစ်ည ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်ကြောင်း ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“ဟုတ်တယ်စက်က မိုးကြိုးဝင်သွားလို့ဟုတ်တယ်။ ကျွန်တော်တို့က ခါတိုင်းတော့ စက်နှစ်လုံးမောင်းတော့မီးကပုံမှန်လို ၂၄ နာရီပေးနိုင်တယ်။ ဒါပေမယ့်အခုက စက်က မိုးကြိုးဝင်တော့တစ်လုံးပဲမောင်းလို့ရတယ်။ ကျနော်တို့က မပေးနိုင်တာပေါ့။ အခုက အလေ့ကျစနစ်နဲ့ ရပ်ကွက် ကျေးရွာလိုက်ခွဲပြီး နှစ်ည ခြားတစ်ကြိမ်ခွဲတမ်း စနစ်နဲ့ပေးနေတယ်”ဟုပြောဆိုသည်။

မိုးကြိုးကြောင့် ပျက်စီးထိခိုက်သွားသည့် ယင်းစက်ကို ပြုပြင်ရန် စက်ပြင်ဆရာကို တရုတ်နိုင်ငံမှာ ခေါ်ယူထားပြီး ယခုထိမရောက်နိုင်သေးသည့်အပြင် စက်ပြုပြင်ချိန်ကြာမြင့်နိုင်သောကြောင့် ယခုကဲ့သို့ နှစ်ည ခြားတစ်ချိန်မီးပေးစနစ်သည် အချိန်နှစ်လခန့်ကြာမြင့်နိုင်ကြောင်း ပူတာအို EPC ရုံးမှ သိရသည်။

ပူတာအိုတွင် ယခုကဲ့သို့ လျှပ်စစ် မီးပုံမှန်မရသည့် အပြင် ဘတ်ထရီ၊ ဆော်လာမီး အသုံးပြုရန်လည် မိုးအဆက် မပြတ်ရွာသွန်းနေသောကြောင့်ဒေသခံများ ညဘက်အခက်အခဲ ဖြစ်နေကြောင်း အလျှင်အမြန် ပြုပြင်စေလိုကြောင်း ပူတာအို ကောင်ကထောင် ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ်ဗျ မီးက ခုဆို ၂ ညတခါပဲလာတယ်။ စက်မိုးကြိုးပစ်ခံရတယ်လို့တော့ကြားတယ်။ ဒါပေမယ့် ဟိုလကတည်းကလည်း တစ်လတောင်ပြည့်တော့မယ်။ ခုထိမီးက ပုံမှန်မရသေးဘူး ကြာနေတာ ရက် ၂၀ ကျော်နေပြီ ဘာနဲ့မီးလင်းမလည်း ဆော်လာမီး ဘတ်ထရီမီးသူံးမယ်ဆိုလည်း တချို့ရှိတဲ့အိမ်ဆိုလည်း နေကမပူဘူး မိုးပဲရွာနေတာ အဲ့တော့ညဆိုမှောင်မဲနေတာ”ဟုပြောဆို။

အထက်နမ့်ထွက်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေကြောင်း သိရသည်။

Show More

Related Articles

Back to top button