တိုက်ပွဲသတင်း

မြောင်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါ ၂ဦးသေဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာဘက်တွင် စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်နှင့် ချောင်းဦး PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါ ၂ဦးသေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁၆ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင်တွင် စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီ စစ်ကြောင်းသည် ဇရပ်ကုန်းကျေးရွာမှ ပြန်ထွက်လာပြီး တမဆေးကန်ရွာ၏ အနောက်ဘက်ကို ဝင်ရောက်လာချိန် ချောင်းဦး CLDF နှင့် မဟာမိတ်စုပေါင်းတပ်များ လက်နက်ကြီးများဖြင့် ၁၃ကြိမ်ထက်မနည်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု CLDF ဘက်မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောဆိုသည်။

“စစ်ကြောင်းက တမဆေးကန်ရွာအနီး တဝှိက်ကို အရောက်မှာ ကျနော်တို့ဘက်က ၂ ချက် စပစ်ခဲ့တယ်။ အဲ့ဒီနောက် အခြားတစ်ရွာကို ရောက်ရှိချိန်မှာ ၁၁ ချက်ဆိုတော့ စုစုပေါင်း ၁၃ ချက်တိတိ ပစ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပါတယ်။ CLDF မှ ရဲဘော်တစ်ဦးက လက်နက်ကြီးကျရောက် ပေါက်ကွဲရာက နေဆင်ထွက်လာတဲ့ ခဲထိမှန်ခဲ့ပါတယ်။ MRA က ရဲဘော်တစ်ဦးလည်းခြေသလုံးမှာထိခိုက်မှု ရှိသွားခဲ့ပါတယ်။သူတို့ဘက်ကတော့ ဗျူဟာမှူးအပါအဝင်၂ယောက်သေပြီး ၄ယောက်ဒဏ်ရာရသွားပါတယ်”ဟုပြောဆိုသည်။

တမဆေးကန်ရွာအနီး ၂ဖက်တပ် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၆ဦးထက်မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့သလို ချောင်းဦး PDF ပူးပေါင်းတပ်တို့ဘက်မှလည်း ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းကို Chaung U Local Defence Force(CLDF) မှဦးဆောင်ကာ မြောင်မြို့နယ်တော်လှန်ရေးတပ်-Myaung Revolution Army၊CDSOM(မြောင်) စသည့် မဟာမိတ်များစုပေါင်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Related Articles

Back to top button