တိုက်ပွဲသတင်း

ရွှေဘိုမြို့နယ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့် ပျူစောထီးများတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့ကို ဒေသကာကွယ်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ဦးသေဆုံးကာ စစ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Snake Eyes PDF မှသိရသည်။

ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် တပ်စွဲနေထိုင်သည့် နေရာသို့ Snake Eyes PDF နှင့် မဟာမိတ်များစုပေါင်းကာ အလှစ်အငိုက် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“သူတို့တပ်စွဲထားတဲ့ရွာမှာ အဝေးထိန်းမိုင်းနဲ့ မိုင်းခွဲတိုက်ခဲ့တာပါ အဲ့မှာသူတို့ ငါးယောက်ထိသွားတာ ချက်ချင်းမသေသေးဘူး အဲ့မှာသူတို့က ရွှေဘိုမြို့ပေါ်က ဆေးရုံမှာသွားပြတာ အဲ့မှာဆေးရုံမရောက်သေးဘူးလမ်းကရွာတစ်ရွာအရောက်မှာ ၃ယောက်ကသေသွားတာ”ဟုပြောဆိုသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိခဲ့သည့် နှစ်ဦးကို ဆေးရုံကို ဆက်လက်ပို့ဆောင်စဉ် မင်္ဂလာကျေးရွာအနီးတွင် ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သူကဆက်ဆိုသည်။

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့ကို မိုင်းခွဲတိုက်ရခြင်းသည် ဇီးဖြူကုန်းကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မူများပြုလုပ်နေသည့်အတွက် ပြုလုပ်ရခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးက ယခုလိုဆက်ဆိုသည်။

“ကျနော်တို့တိုက်ခိုက်ပြီးတော့ ​သူတို့ဘက်ကရမ်းသမ်းပစ်ခတ်တာတွေလည်းလုပ်တယ် ဒါပေမဲ့ရဲဘော်တွေတော့အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ် ရွာထဲက နေအိမ် ၃လုံးကိုတော့မီးရှို့ဖျက်ဆီးထားတယ်လို့သိရတယ်ဗျ” ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဘက်မှ သေဆုံးမှု နှင့် ထိုခိုက်ဒဏ်ရာရရှိခဲ့သော အခြေအနေကို မျက်မြင်တွေ့ရှိသည့်ဒေသခံများထံမှအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီနှင့်ပျူစောထီးများသည် ဇီးဖြူကုန်းရွာမှ ပြည်သူများပိုင်ဆိုင်သည့် လယ်ယာများကို ရိတ်သိမ်းမူတွေပြုလုပ်နေကာ ရွာသူရွာသားများအနေဖြင့်လည်း စစ်ကောင်စီနှင့်ပျူစောထီးများ ရွာကိုတပ်စွဲနေထိုင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့်အခုလို စစ်ဆင်ရေးဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဇီးဖြူကုန်းကျေးရွာသည် ရွှေဘိုမြို့၏ အနောက်မြောက်ဘက်ခြမ်းတွင် ရှိပြီး ရွှေဘိုမြို့မှ ဆိုင်ကယ်ဖြင့်သွားလျှင် ၄၅မိနစ်ခန့်ကြာမြှင့်သည့်ခရီးဖြစ်ကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button