သတင်း

အင်းတော်ဒေသတွင် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးနေသဖြင့် ဝက်မွေးသူများအရှုံးပေါ်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဝက်နာကျ၍ ဝက်သေဆုံးမှုနှုန်းမြင့်တက်နေပြီး ဝက်မွေးသူများ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

စက်တင်ဘာလကုန်ပိုင်းအတွင်းမှ ဝက်ရောဂါများ စတင်ဖြစ်ပွားခဲ့ပြီး ဝက်ခြံတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးနေသည့်အထိ ဖြစ်ပွားနေသည်ဟု မိုင်းနောင်ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။

‘’ယခုရက်ပိုင်းအတွင်း ဝက်ခြံတစ်ခုလုံးကို သေတာတွေဖြစ်နေတယ်။ နေ့တိုင်းလိုလို သေဆုံးမှုပိုပိုတိုးလာတယ်။ ကျနော်ထင်တယ် တစ်ရက်ကို အနည်းဆုံး ၁၀ ကောင်အထက်ရှိမယ်။၉လပိုင်းကုန်ခါနီးမှ စဖြစ်တာ အခုဆိုအရမ်းဆိုးနေတယ်။ အခုဆို တစ်ကောင် နှစ်ကောင်မွေးတဲ့သူတွေက သိပ်မဟုတ်ပေမယ့် လေးဆယ် ငါးဆယ် ဝက်မွေးမြူတဲ့သူတွေဆို ဆယ်ချီအရှုံးတွေပေါ်နေကြတယ်ဟုပြောဆိုသည်။

လက်ရှိ ဝက်နာကျသည့် ဝက်များတွင် ကိုယ်ပူခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း စသည့်လက္ခဏာများဖြင့် စတင်ဖြစ်ပွားခဲ့ရာမှ အစားမစားနိုင်တော့ဘဲ သေဆုံးမှုဖြစ်ပွားနေသည်ဟုသိရသည်။

တစ်ချို့ကတော့ တစ်နပ်အစာမစားတော့ဘူးဆိုရင် စျေးပေါပေါနဲ့ ရောက်လိုက်ကြတယ်။ ဒါပေမယ့် ရောင်းမကောင်းဘူးလေ။ တစ်ချို့က ဝက်နာဖြစ်နေတာသိကြတော့ စျေးလျှော့ရောင်းရင်လည်း မဝယ်ကြဘူးအထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

မိုင်းနောင်ဒေသတွင် ဝက်သားတစ်ပိသာ ၁၅၀၀၀ ကျပ်ရှိပြီး ဝက်ရောဂါဖြစ်ပွားသည့်နောက်ပိုင်း ဝက်သားတစ်ပိသာ ၈၀၀၀ နှင့် ၇၀၀၀ အထိလျှော့ရောင်းနေရကြောင်းသိရသည်။

ထိုနည်းတူ ပြီးခဲ့သော စက်တင်ဘာလအတွင်းမှာ ကချင်ပြည်နယ်အတွင်း ပူတာအို၊ မြစ်ကြီးနား မြို့နယ်တစ်ချို့တွင်လည်း ဝက်နာရောဂါများဖြစ်ပွားလျက်ရှိနေသည်။

Show More

Related Articles

Back to top button