တိုက်ပွဲသတင်း

ဗန်းမောက်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်

ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာနှင့် တောင်ကြီးကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၄ ရက်နေ့က ဗန်းမောက်နှင့် အင်းတော်စပ်ရှိ ကျောက်အိုင်၊ ဗေဘင်၊ စီးမော် ၊တောင်ကြီး ကျေးရွာများကို ဂျက်ဖိုက်တာ ၃စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့ကလည်း တောင်ကြီးကျေးရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့်ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဗန်းမောက် နှင့် အင်းတော်အစပ်တွင်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

လေးရက်နေ့တုန်းက အင်းတော်နှင့် ဗန်းမောက်ကြားက စီးမော် ကျောက်မဲတောင်နားကို ကျဲတာ ဗုံးကျဲတဲ့ထဲမှာ လူတွေကတော့ မထိခိုက်ပါဘူးကြိုပြီးတော့တိမ်းရှောင်တော့ အိမ်တွေကတော့ထိခိုက်မှုရှိတယ် ဘယ်လောက်ဆို တာတော့ မသိရသေးဘူး။ ရွာပြန်ကပ်လို့မရသေးဘူး အဝေးကနေတော့မီးခိုလုံးတွေမြင်နေရတယ်“ ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စီးမော် ၊ တောင်ကြီးကျေးရွာများ တစ်ဝိုက်ယခုကဲ့သို့ လေယာဉ်သုံးဗုံးကျဲတိုက်ခိုက်ခဲ့ရခြင်းနှင့် ပတ်သက်၍ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုကဲ့သို့ပြောသည်။

လေးရက်နေ့က စီးမော် တောင်ကြီးနားက တောထဲမှာ KIA PDF ပေါင်းပြီး စစ်ကောင်စီတပ်ကိုတိုက်ခိုက်တာ ကျနော်တို့ကာကွယ်ရေးတပ်တွေဘက်က အဲ့မှာအင်အားတောင့်တော့သူတို့အထိနာပြီး တောထဲမှာ ပိတ်မိနေတာ အဲ့ကြောင့်ကယ်ထုတ်ဖို့ဆိုပြီး ဗုံးကျဲတာ သူတို့ဘက်ကလည်းအထိအခိုက်အကျဆုံးများတယ် ဘယ်လောက် ဆိုတာ တော့ နယ်မြေရှင်းလင်းရေးလုပ်မှသိရမယ် လက်နက်ခဲယမ်းတွေတော့အများကြီးထားတယ် ဒရုန်းတွေလည်းရထားတယ် အဲ့ကြောင့် အထိနာလို့လေယဉ်သုံးတာ” ဟု အင်းတော် PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အင်းစစ်ကောင်စီတပ်သည် အင်အား ၁၇၀ ကျော်ရှိပြီး ယမန်နေ့က ပိတ်မိရာကနေပြန်လည် လွတ်မြောက်လာသည့် အတွက် စီးမော်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မီးရှို့ခံနေရသည့် စီးမော်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ရွာသားများ ကျေးရွာတွင်ပြန်မကပ်နိုင်သေးသည့်အတွက် အိမ်ခြေထိခိုက်ပျက်စီးမှုစာရင်းကို မသိရှိရသေးကြောင်း ပြောသည်။

လတ်တလော စစ်ကောင်စီတပ် လှည့်လည်စစ်ကြောင်းထိုးနေသည့်အတွက် စီးမော်၊ တောင်ကြီး ၊ဗေဘင်၊ ကျောက်အိုင်ကျေးရွာရှိ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး အင်းတော်ဘက်ခြမ်းက ကျေးရွာများတွင် လူဦးရေ ထောင်ချီပြီး ယာယီတိမ်းရှောင်နေကြောင်း သိရပါသည်။

Show More

Related Articles

Back to top button