သတင်း

လူထုအပေါ် စစ်ဆေးမှု နှင့် သေနတ်ရမ်းသမ်းပစ်ခတ်မှု ပိုမိုလုပ်ဆောင်လာဟု ဖားကန့်ဒေသခံများ ပြောဆို

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က အများပြည်သူသွားလာသည့် လမ်းနေရာများတွင် ကင်းပုန်းများ ချထားကာ ပြည်သူမျးကို စစ်ဆေးမှုများနှင့် သေနတ်လိုက်လံပစ်ခတ်သည့် လုပ်ရပ်များ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ပိုမိုလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။

ဖားကန့်မြို့ပေါ် ရပ်ကွက်များနှင့် လုံးခင်းကျေးရွာရှိ လမ်းဆုံနေရာများတွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက စစ်အင်အား ၁၀ ကျော်အထက် အဖွဲ့များခွဲကာ ည ၈ နာရီနောက်ပိုင်း သွားလာသည့် ပြည်သူများကို ပစ်ခတ် ခြိမ်းခြောက်မှုများလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

နေ့ဘက်မှာတော့ ပုံမှန်လောက်ပဲ ညဘက်မှာဘဲ ပြောင်းလဲသွားတာ ၅ရက်လောက်ရှိပြီ။ အရင်ဆုံးကတော့ စစ်တပ်ကုန်းရှိတဲ့ ကလပ်ကုန်းအဝိုင်းပတ်နားမှာ ကင်းပုန်းချထားမှန်းလည်းမသိကြဘူး။ လူ ၂ယောက်ဖြတ်သွားတာကို လှမ်းတားရင်း မရပ်တဲ့အတွက် လှမ်းပစ်လိုက်တာ ၁ယောက်ထိသွားတယ်။ နောက်တစ်ရက်လည်း လုံးခင်းလမ်းဆုံတွေ ဘက်မှာ ကင်းပုန်းထိုင်ကြတော့ အလားတူ ပစ်ခတ်မှုတွေ ပြန်ဖြစ်တယ်။ အဲ့လိုတွေဆက်တိုက်ဖြစ်လာတော့ ဖားကန့်မှာ အားလုံးထိပ်လန့်နေကြတယ် ဘယ်သူမှ ညအချိန်အပြင် မထွက်ရဲကြတော့ဘူး” ဟု ပြောဆိုသည်။

ဖားကန့်မြို့အတွင်း လမ်းဆုံနေရာတစ်ချို့နှင့် လုံးခင်း လမ်းဆုံ သံတံတား၊ နှစ်မျက်နှာဘုရားရှေ့၊ တံတားဟောင်းနေရာနှင့် ဂေါက်ကွင်းလမ်းထိပ်နေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်များဖြင့်နေရာယူထားကာ စစ်ဆေးမခံသည့်သူများကို သေနတ်ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု သူကဆက်ဆိုသည်။

အောက်တိုဘာလ ၂ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ဖားကန့် မြို့မရပ်ကွက် ကလပ်ကုန်းအဝိုင်းပတ်အနီးတွင် ဆိုင်ကယ် စီးနင်းလာသည့် အသက် ၂၅နှစ်အရွယ်ရှိ ကချင်လူငယ် ကိုဆိုင်းဂူခေါ်သူနှင့် အသက် ၄၅နှစ်အရွယ်ရှိ ကိုကျော်မျိုးသူ ၂ဦးကို စစ်ကောင်စီတပ်မှ သေနတ်ပစ်ခတ်ခံရမှုကြောင့် ကိုဆိုင်းဂူသည် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူ၏ ရုပ်အလာင်းကို စစ်ကောင်စီတပ်မှ မိုးကာဖြင့် ထုပ်ပိုးသယ်ယူသွားပြီး မိသားစု မှ ရုပ်အလောင်းပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့အထိ အလောင်းပြန်လည်မရရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

အလားတူ အောက်တိုဘာလ ၃ ရက်ည ၁၀ နာရီခန့်တွင် လုံးခင်းဂေါက်ကွင်း မှော်ဆီစာသွားသည့် လမ်းဆုံနေရာတွင် ကျောက်ရောင်းပြီး ပြန်လာသည့် အမျိုးသား ၂ဦး ကုဋေမှော်ဘက်သို့အပြန်တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်ခံခဲ့ရသည်။ သို့သော်လည် ထိုသူ ၂ ဦးနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါ။

အဲ့ ၂ယောက်က အခုအချိန်အထိ ပျောက်ဆုံးနေတယ်လို့ကြားတယ်။ ဒဏ်ရာရ သွားတာလား။ သေဆုံးသွားလို့ ရဲကဘဲ ကောက်သွားတာလား သေချာမသိရဘူးဖြစ်နေတယ်။ မျက်မြင်တွေ့ရှိတဲ့ သူတွေ ပြောဆိုမှုအရကတော့ နောက်မနက်မှာ ကုဋေလမ်းဘက်ကိုခွဲတဲ့ ဆင်ဖြူတော်ကျောက်ဖြတ်ခုံအနားမှာ လူ ၂ယောက် လှဲနေတာတွေ့ရတယ်လို့လဲပြောတယ်။ ဒါပေမယ့် အခုချိန်ထိမသိရသေးဘူးဟု ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခံရသည့် အမျိုးသား ၂ဦးနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ လုံးခင်း တံတားထိပ်တွင် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီရဲနှင့် စစ်သားများက ဖမ်းဆီးရိုက်နက်မှုများပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း လုံးခင်းဒေသခံ အမျိုးသမီးတစ်ဦး၏ ပြောပြချက်မှ သိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်မှ ယခုလို အများပြည်သူများကို ဖမ်းဆီးရိုက်နက်မှု၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်လာသည့်ပေါ် တစ်နည်းအားဖြင့် တော်လှန်ရေးအဖွဲ့ဝင်များကို ဦးတည်ပြီး ပိတ်ဆို့မှုများ လုပ်ဆောင်လာခြင်းသာဖြစ်သည်ဟု ဖားကန့်မြို့ခံ ပြည်သူတစ်ဦးက ယခုလိုသုံသပ်ပြောဆိုထားသည်။

ဒီရက်ပိုင်းအတွင်းမှာပဲ သူတို့ပစ်သတ်လိုက်တာ ၃ယောက်လောက်ရှိပြီ။ သူတို့ပြောတာကတော့ တားတာ မရပ်လို့ ဆိုပြီး နောက်လက်နက်ပစ္စည်းတွေတွေ့တယ်။ အဲ့ကြောင့်လုပ်တယ်လို့ပြောတယ်။ တစ်ချို့က အလောင်းတွေ ပြန်မရတဲ့အထိဖြစ်တယ်။ အခုသူတို့ရဲ့ လုပ်ရပ်ပေါ် ပြောရမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ဖို့ဖြစ်တယ်။ များသောအားဖြင့် ဝင်ငွေအားလုံးက ဒီဖားကန့်က စီးဆင်းတာများတယ်။ အဲ့ကြောင့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့မှန်သမျှ အကုန်ပိတ်ဆို့ဖို့ အခုလိုလုပ်တာတယ်လို့ မြင်တယ်ဟု ပြောဆိုသည်။

လက်ရှိတွင် ဖားကန့်ဒေသတွင် ည ၈နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်နိုင်သည်ဟု ညွန်ကြားချက်ထားရှိ ကြောင်း တပ်နှင့်နီစပ်သူများထံမှ KNG အနေဖြင့် စုံစမ်းသိရှိထားသည်။

ထို့ကြောင့် ယခင် လူစည်ကားခဲ့သည့် စျေးဆိုင်များ၊ ကျောက်ဝိုင်းနေရာများတွင် လူနည်းပါးသွားပြီး ည ၇နာရီနောက်ပိုင်းတွင် အိမ်အတွင်းသာရှိနေကြကြောင်းသိရသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး လက်ရှိ စစ်တပ်ထုတ် Mytel တစ်ခုတည်းသာ 3G စနစ်ဖြင့် အသုံးနေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button