သတင်း

ချောင်းဦးနယ် ခင်မွန်ကျေးရွာတွင် ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ် ၁၆လုံးခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာမှ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ဒေသခံ ၄၀၀ ကျော်အား စစ်ကောင်စီတပ် ပိတ်ဆို့ထားပြီး ရိုက်နက် စစ်ဆေးမှုပြုလုပ်နေကြောင်းသိရသည်။

ယနေ့ နေ့လည် ၁၂နာရီနောက်ပိုင်းမှ ညနေ ၆နာရီဝန်းကျင်အထိ လူနေအိမ် ၁၆လုံးခန့်ကို မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ခင်မွန်ကျေးရွာရှိ မင်းကျောင်းဘုန်းကြီးကျောင်းနှင့် ချမ်းသာကြီး ဘုန်းကြီးကျောင်း ၂နေရာထဲတွင် ပုန်းခိုနေသည့် ဒေသခံပြည်သူများကိုလည်း ပြန်ထွက်လို့မရအောင် ပိတ်ဆို့ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

အိမ်က ၁၆လုံးလောက်ပါသွားပြီပြောတယ်။ စစ်ကောင်စီတပ်တွေဝင်လာတော့ ကျေးရွာနေပြည်သူတွေက ကြောက်လို့ ဘုန်းကြီးကျောင်းတွေထဲမှာ ဝင်ပုန်းကြတယ်။ အဲ့ထဲကို စစ်သားတွေက ထွက်လို့မရအောင်ပြန်ပိတ်ထားတယ်။ ပြီးရင်ရိုက်နက် စစ်ဆေးတာတွေလုပ်တယ်။ သူတို့က ထမင်းစားရေချိုး အိမ်ပြန်လို့ရတယ်တဲ့။ ဒါပေမယ့် လက်မှတ်ထိုးပြီး ပြန်ခိုင်တယ် ပြီးတာနဲ့ ပြန်လာရတယ်။ အဲ့ထဲမှာ မိန်းကလေးတွေလည်းပါတယ်။ နောက်ဗိုက်ကြီးသည်တွေလည်းပါတယ်ဟုဆိုသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ပုန်းခိုနေသည့် ပြည်သူ ၄၀၀ ကျော်ခန့်ကို ကြိုးတုတ်မှောက်လျက်နေခိုင်ပြီး ရိုက်နက်စစ်ဆေးမှုတွေပြုလုပ်ကာ မင်္သကာ သူများကို မုံရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆက်ဆိုသည်။

ခင်မွန်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၅ရက်နေ့ ညနေပိုင်းအချိန် ဝင်ရောက်စီးနင်းလာခဲ့သောကြောင့် ဒေသခံပြည်သူများသည် လုံခြုံသည်ဟု ယူဆရသည့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးပုန်းနေကြခြင်းဖြစ်သည်ဟုသိရသည်။

ထိုသို့ ရိုက်နက်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ဦး လက်လွန် သေဆုံးခဲ့ရသည်ဟု ဒေသတစ်ဦးပြောသည်။

သူတို့က ဘယ်လိုရိုက်နက် စစ်ဆေးလဲဆိုရင် မှောက်ခိုင်းထားပြီး ရိုက်တယ်။ အဲ့ကြောင့် တစ်ယောက်ကတော့ လက်လွန်ပြီး သေဆုံးသွားတယ်ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၄ရက်နှင့် ၅ရက်နေ့တွင် မုံရွေးနှင့် ကြေးမုံ ကျေးရွာ ၂ခုတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ပြည်သူပိုင် လူနေအိမ် ၁၉ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုလူနေအိမ်များကို မီးရှို့ဖျက်ဆီးခံရသည့်အပြင် ဒေသခံ ၃၀၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးရိုက်နက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ခင်မွန်ရွာဘက်သို့ ဝင်ရောက်လာစဉ် အရပ်သားပြည်သူ ၁၀ ဦးကျော်ခန့်ကို လူသားဒိုင်းအဖြစ် ပြန်လည်ခေါ်ဆောင်သွားသည်ဟု ဒေသခံများပြောသည်။

လက်ရှိတွင် မုံရွေးနှင့်ကြေးမုံရွာသို့ စစ်ကောင်စီစစ်အင်အား ၅၀ ဝန်းကျင်ခန့်သာရှိပြီး ခင်မွန်ကျေးရွာဘက်သို့ ဝင်ရောက်လာစဉ် စစ်အင်အားပြန်လည်ဖြည့်တင်းမှုကြောင့် အင်အား ၂၀၀ ဝန်းကျင်အထိရှိနိုင်ကြောင်းသိရသည်။

Show More

Related Articles

Back to top button