အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ သေနတ်ထောက်ကာ လုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး သတင်းအမှားဖြန့်

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ လူသုံးဦးကို သေနတ်ထောက်ကာ ငွေလုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။
အဆိုပါသတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာခန ဝါဒဖြန့် သတင်းအမှားရေးသားနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် အောက်တိုဘာလ (၃) ရက်နေ့တွင် စတင်ရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖော်ပြထားသော အကြောင်းအရာမှာ “အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့မှ ဖားကန့်တွင် သေနတ်ထောက်ကာ ငွေသုံးသိန်းလုယက်မှုဖြစ်ပွား” ဆိုသော အချက်ဖြစ်သည်။
ဒီသတင်းနှင့်ပတ်သက်၍ အကြောင်းအရာအချက်အလက် ဆန်းစစ်လေ့လာရာတွင် “ဗလမင်းထင်” ဆိုသည့် ဖေစ့်ဘုတ် အကောင့်ပိုင်ရှင်သည် အောင်ဟိန်းမင်းအဖွဲ့အမှန်တကယ် သေနတ်ကိုင်လုက်မှုများပြုလုပ် နေကြသည်ဟု ပြည်သူများထင်မြင်မိအောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် “ဗလမင်းထင်” ဆိုသည့်ဖေ့စ်ဘုတ်အကောင်ပိုင်ရှင်သည် ဒေသတွင်းသတင်းမီဒီယာ တစ်ခုဖြစ်သည့် The 74Media မှ အောက်တိုဘာလ(၃) ရက်နေ့တွင် ရေးသားခဲ့သော သတင်းအကြောင်းအရာအားလုံးနီးပါးကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဥ်ကိုသာ အောင်ဟိန်းမင်းအဖွဲ့မှ သေနတ်ထောက်ကာ ငွေကျပ်သုံးသိန်းလုယက်ခဲ့သည် ဆိုပြီး ပြောင်းလဲ ရေးသားခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။
ထို့ကြောင့် ဖားကန့်မြို့ မရှီကထောင်တွင် အောင်ဟိန်းမင်းအဖွဲ့မှ သေနတ်ထောက်ကာ ငွေကျပ်သုံးသိန်းလုယူခဲ့သည် ဆိုသည့်သတင်းသည် သတင်းအမှားတစ်ခုသာ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသည့် စစ်လော်ဘီအုပ်စုများသည် ပြည်သူလူထုများကို ဝါဒဖြန့်သတင်းအမှားများဖြင့် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများကို ရေးသားဖြန့်ဝေနေကြသည်ကို တွေ့မြင်နိုင်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုကို သတင်းအမှောင်ချရန် ကြိုးစားရေးသားနေကြသော စစ်တပ်လော်ဘီအုပ်စုများ၏ ဖော်ပြချက်ကို ရှောင်ရှားနိုင်ရန် ဒေသတွင်း သတင်းမီဒီယာများကိုလည်း ပုံမှန် ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။