ကသာနယ် အောင်ပုံကျေးရွာမှ စစ်ကောင်စီ လက်အောက်ရှိသည့် ပြည်သူ ၂ ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျန်တောကျေးရွာအုပ်စု အောင်ပုံကျေးရွာမှ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ ၂ဦး အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။
ဖမ်းဆီးခံရသည့် ပြည်သူ ၂ဦးသည် နံနက်ပိုင်း ၉နာရီဝန်းကျင်စျေးကအပြန်လမ်းတွင် အမည်မသိလူတစ်စု၏ ဖမ်းဆီးခံလိုက်ရသည်ဟု အောင်ပုံကျေးရွာနေ ပြည်သူတစ်ဦး KNG ကိုပြောသည်။
“ဖမ်းခံရတာ ၂ယောက်ဟုတ်တယ်။ သူတို့က စစ်ကောင်စီနဲ့ပေါင်းစားနေတာဟုတ်တယ်လို့ပြောတယ်။ ပြည်သူတွေ သူတို့ကြောင့် ဒုက္ခရောက်နေတာ အရမ်းများနေပြီ အဲ့ကြောင့် ဖမ်းခံရတယ်တဲ့”ဟုပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ၂ဦးမှာ ဦးသန်းနိုင်ခေါ်သူနှင့် ဦးစိုင်းဖူးအောင်(ခ)တဖိုးနီတို့ဖြစ်ကြသည်ဟုသိရပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေကြောင်း သိရသည်။
လက်ရှိ ကသာနယ်အတွင်း အောက်တိုဘာလဆန်းပိုင်းအတွင်းမှ စစ်ကောင်စီတပ်သည် ညကင်းပုန်းများချကာ ကင်းလှည့်လည်သွားလာမှု ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။