သတင်း

ချောင်းဦးမြို့နယ် မယ်သဲကြိုးကွင်းကျေးရွာမှ နေအိမ် ၄၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးကွင်း‌ကျေးရွာတွင် ပြည်သူပိုင် နေအိမ်များ ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် အင်အား ၃၀ ကျော် စစ်ကောင်စီတပ်များကို လူသားဒိုင်းသဖွယ်ရှေ့မှသွားစေပြီး ၎င်းတို့နောက်တွင် အင်အား ၄၀ ခန့် ကပ်လိုက်လာကာ စုစုပေါင်း အင်အား ၇၀ ဖြင့် မယ်သဲကြိုးကွင်းကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

သူတို့က အင်အား ၇၀ ကျော်လောက်ရှိတယ်။ ချောင်းဦးကနေ စစ်ကြောင်းနှစ်ခု ခွဲထွက်လာတာ သူတို့ကပရိယာယ်သုံးတာပေါ့ ၃၀ကျော်လောက်ကို အရပ်ဝတ်နဲ့ ရှေ့ကထားပြီး လူသားဒိုင်းတွေဆွဲလာတာလိုလိုနဲ့ ထွက်လာတာ မယ်သဲကြိုးကွင်းရွာလည်း ရောက်ရော အဲ့နားကရှိတဲ့ တဲတွေရော အိမ်တွေရောမီးရှို့သွားတာ အလုံး ၄၀ လောက်ပါသွားတယ်။ မီးရှို့တဲ့အခါလည်း အရပ်ဝတ်တွေက စရှို့တာဟု ဒေသခံတစ်ဦးက ဆိုသည်။

မယ်သဲကြိုးကွင်း ဒေသခံပြည်သူများသည် စစ်ကောင်စီ စစ်ကြောင်းစတင်ထွက်ခွာလာသည်ဟူသော သတင်းကြားရချင်း ကြိုတင်တိမ်းရှောင်နိုင်ခဲ့သောကြောင့် ပြည်သူများအနေဖြင့် ထိခိုက်မူတစ်စုံတစ်ရာမရှိခဲ့ကြောင်း သူကဆက်‌‌ပြောသည်။

ထို့နောက်အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများသည် ပျူစောထီးကျေးရွာများဖြစ်သည့် ကံဇီး၊ ကင်မွန်းတော်ကျေးရွာများသို့ ထွက်ခွာသွားခဲ့ပြီး လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ကကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။

မယ်သဲကြိုးကွင်းကျေးရွာကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့မှု နှစ်ကြိမ်တိုင်တိုင်ရှိပြီဖြစ်သည်။

လက်ရှိတွင် ကံဇီး၊ ကင်မွန်းတော် စသည့်ပျူစောထီးကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာ ၄ ရွာ ထက်မနည်း ပြည်သူထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button