သတင်း

အင်းတော်နယ် အောင်းကုန်းနှင့် အင်ပင်ရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အောင်းကုန်းနှင့် အင်ပင်ကျေးရွာ ၂ခုတွင် စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော် ဝင်ရောက်တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင် ရွာချင်းဆက်နေကြသည့် အောင်းကုန် နှင့် အင်ပင်ကျေးရွာအတွင်းဝင်ရောက်လာကြပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးပေးလိုက်သည်ဟု အင်းတော် PDF မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

အောင်းကုန်းနဲ့ အင်ပင်မှာ ဝင်နေကြတာဟုတ်တယ် အဲ့ရွာ ၂ခုက ဟိုဘက်ဒီဘက် ကားလမ်းပဲခြားကြတယ်။ အဲ့ထဲမှာ သူတို့က တပ်တွေဖြန့်ထားပြီး နေအိမ်တွေကို မီးရှို့ပေးလိုက်ကြတယ်။ မနေ့ ညနေပိုင်းမှာပဲ အိမ် ၁၀ လုံးလောက် ရှို့ခံလိုက်ရတယ်။ ရွာသားတွေက ဘယ်မှမရှိကြတော့ဘူး ထွက်ပြေးကုန်ကြပြီဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ အောင်းကုန်း၊ အင်ပင်နှင့် နန့်သာ စသည့် ရွာ ၃နေရာတွင် ရှိနေသည့်အတွက် အောက်တိုဘာလ ၁၉ ရက်နေ့ ကတည်းက ဒေသခံပြည်သူများ ၃၀၀၀ ကျော် အင်းတော်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

အောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်၊ အင်ပင်ရွာတွင် ၂၀၀ ဝန်းကျင်နှင့် နန့်သာတွင် ၁၀၀ နီးပါခန့် နေထိုင်သည့် ကျေးရွာများဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၈ ရက်နေ့ အောင်ကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာစဉ် လမ်ခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟုလည်းသိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် အင်းတော်ဘက်မှ နန့်ကင်ရွာထဲ တစ်ညအိပ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ အောင်ကုန်းကျေးရွာဘက်သို့ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု PDF အဖွဲ့ဘက်မှပြောဆိုထားသည်။

Show More

Related Articles

Back to top button