သတင်း

အင်းတော်မြို့အဝင် စစ်ရေးဂိတ်တစ်ခု တိုက်ခိုက်ခံရ၊ ရဲတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့ အောက်တိုဘာလ ၁၉ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင် အင်းတော် မြို့ပြပြောက်ကျားတပ်ဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နေ့လည် ၁ နာရီလောက်သွားပစ်တယ် အဲ့ဒီဂိတ်က ရိက္ခာကုန်းနဲ့နီးတယ်ဆိုတော့ စစ်သားတွေများတယ်။ အဲ့ကြောင့် ကျနော်တို့လည်း ပစ်ပြီး တန်ပြေးလာခဲ့ကြတယ်။ ဒါပေမယ့် ရဲတစ်ယောက်သေတယ်။ တစ်ယောက်ကတော့ ခြေထောက်မှာ ထိသွားတယ်ဟုအင်းတော် PDF အဖွဲ့ဝင်တစ်ဦး KNG ကိုပြောသည်။

ထိုဂိတ်တွင် စစ်သားနှင့် ရဲများက သွားလာသည့် ပြည်သူများထံမှ ငွေကြေးအလွန်အကျွံကောက်ခံနေသည့်အတွက် ယခုလို သတိပေး သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆက်ဆိုသည်။

စစ်တပ်နဲ့ နီးတဲ့ဂိတ်ဖြစ်တဲ့အတွက် တစ်ခါတစ်လေ အဲ့ဂိတ်မှာ လာထိုင်ပြီး စစ်တာတွေလုပ်ကြတယ်။ အဲ့ဂိတ်က တစ်ခါတစ်လေ အရမ်းစစ်တယ် တစ်ခါ ကျနော်တို့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း အဲ့ဂိတ်မှာ ဖမ်းခံရတာရှိခဲ့တယ်။ ပြီးရင် ကုန်တင်ကားတွေကိုလည်း အဆမတန်တောင်း ငွေတောင်းတယ်ဟုပြောဆိုသည်။

အဆိုပါ ပစ်ခတ်ခံရသည့် အင်းတော် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများနှင့် ဆီဘောက်ဆာကားများကို တစ်စီးတွင် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ကောက်ခံပြီး အနည်းဆုံး ၈၀၀၀ မှ ၁၀၀၀၀ အထိ ကောက်ခံနေသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမျိုးသားတစ်ဦးက ဆန်အိတ်တွင် ကျည်ဆံသယ်ဆောင်လားသည့် တက်နေလင်းခရီးသည်ယာဉ် ကားတစ်စီးကိုလည်း ထိုဂိတ်တွင် စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button