တိုက်ပွဲသတင်း

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ဖားကန့်မြို့နယ် စပေါ့ကျေးရွာအနီး ကောင်ဆန်ကျေးရွာ(Kawng San)တွင် အရပ်သားပြည်သူများ စီးနင်းလာသည့် ကား ၂စီးကို စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် စစ်ကောင်စီ စစ်သား ၈ ဦးခန့် စီးနင်းလာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အတွက် စစ်တပ်ဘက်မှ ပြည်သူများကို ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။

စစ်သားတွေစီးလာတဲ့ ကားအရင်မိုင်းဆွဲခံရတာဖြစ်တယ်။ အဲ့ကားထဲမှာပါလာတဲ့ စစ်သား ၈ယောက်လောက် ထိခိုက်ခဲ့လို့ ပြည်သူတွေကားတွေကို ပြန်ပစ်တာဟုတ်တယ်။ အဲ့ကြောင့် ၁ နာရီလောက်မှာ ရှေ့ဆင့်နောက်ဆင့်စီးလာတဲ့ ကား ၂ စီးပစ်ခတ်ခံရတာ တစ်ယောက်က သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရထား တယ်ဟု ပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပြီး အဆိုပါ စစ်ကောင်စီအဖွဲ့သည် သောင်းကော့ မှော်လကင် ဘက်မှ စပေါ့ဘက်သို့ ဆင်းလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

အရပ်သားပြည်သူ ကား ၂စီး ပစ်ခတ်ခံရမှုတွင် ဖားကန့် ကလပ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် Marip Mung Jat Aung သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ Tu Ja ဆိုသူ ဖြစ်သည်။

စစ်ကောင်စီဘက်မှ တန်ပြန်ပစ်ခတ်မှုတွင် အရပ်သားပြည်သူ ၂ ဦး ထိခိုက် သေဆုံးမှုရှိခဲ့သည့်ပြင် အနီးတဝိုက်ရှိ လူနေအိမ် ၂ လုံးပေါ်တွင်လည်း လက်နက်ကြိးကျမှန်ပြီး မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများ ပြောဆိုသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကောင်ဆန်၊ သောင်းကော့နှင့် ကရင်ချောင် ကျေးရွာနေရာများတွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင် နေရာယူထားပြီး တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အဆိုပါ ကျေးရွာနေပြည်သူများ ဖားကန့်မြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကောင်ဆန်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပြောဆိုသည်။

မနေ့က ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် စစ်သားတွေက ရွာတွေမှာ နေရာယူထားတော့ ကြောက်နေကြတယ်။ အဲ့ကြောင့် ရရာအိတ်တွေဆွဲပြီး ထွက်ပြေးကုန်ကြပြီ။ အခုက သူတို့ထင်ရာ လက်တွေပစ်ထည့်နေတာဖြစ်တဲ့အတွက် ဘယ်သူမှ မနေရဲတော့ဘူး။ ယောင်္ကျားသားတွေကိုတော့ ဖမ်းပြီး ပေါ်တာဆွဲတဲ့ပုံစံနဲ့ သူတို့ရဲ့နောက်ကိုလိုက်ခိုင်းနေတယ်ဟုပြောဆိုသည်။

ဖားကန့်ဒေသတွင် ပြီးခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင်တွင် စစ်ကောင်စီအဖွဲ့ လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စစ်ရေလှုပ်ရှားမှုနှင့် လုံခြုံရေးတင်းကြပ်မှုများ ပိုမို ပြုလုပ်လာနေသည်။

Show More

Related Articles

Back to top button