တိုက်ပွဲသတင်း

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆိုင်းရာကျေးရွာတွင် အများပြည်သူသွားလမ်းမပေါ်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကောင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုင်ဘာလ ၂၈ ရက် ယမန်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင် စစ်အင်အား ၃၀ ခန့်ပါရှိသည့် စစ်ကောင်စီအဖွဲ့ ဆိုင်းရာကျေးရွာ(ရွာသစ်)လမ်းထိပ်လမ်းဆုံနေရာတွင် သွားလာသည့် ပြည်သူများကိုပိတ်ဆို့ပြီး လက်ကိုင်ဖုန်း၊ ကာ၊ ဆိုင်ကယ်များ စစ်ဆေးမှုပြုလုပ်စဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

မနေ့တုန်းက ဖားကန့် ဆိုင်းရာဘက်မှာ စစ်သားတွေ ဂိတ်လိုမျိုးနဲ့ ထိုင်ခုံတွေချပြီး စစ်ဆေးတာတွေလာလုပ်တာ ၂ နာရီလောက်မှာ KIA နဲ့ PDF အဖွဲ့က ဒရုန်းနဲ့ လာပစ်သွားတယ်။ အဲ့လိုပစ်ခံရတာနဲ့ ချက်ချင်း စစ်ဆေးတဲ့နေရာရုတ်သိမ်းလိုက်ရတယ်။ ပြီးရင် ဖားကန့်ဘက်ကို ထွက်ပြေးသွားကြတယ် အဲ့နေရာမှာတင်  စစ်သားတွေ ၆ ယောက်လောက်က ဒဏ်ရာရသွားတယ်လို့သိရတယ်ဟုပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့သည် ကြောက်လန့်ပြီး ပြည်သူများရှိသည့်ဘက် လက်နက်ငယ်များ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဖားကန့်မြို့ပေါ်ဘက်သို့ ထွက်ပြေးသွားကြသည်ဟု သိရသည်။

သိပ်မကြာဘူး ပစ်ခတ်ခံရတာနဲ့ ထွက်ပြေးသွားကြတယ်။ အခုတလောက စစ်တာတော့ အရမ်းစစ်တယ် သူတို့တစ်ခုခုရှာနေသလိုပဲ ဖုန်းနဲ့ တိုက်ကြည့်ပြီးကို စစ်တာ။ ဒါပမေယ့် လူဖမ်းခံရတာတော့ မကြားမိသေးဘူးဟုသတင်းအရင်းအမြစ်ကဆက်ဆိုသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူသွားလာသည့် လမ်းထိပ်နေရာများတွင် ကင်းပုန်းများချထားကာ စစ်ဆေးရေးတင်းကြပ်ထားပြီး စစ်ရေးလှုပ်ရှားမှုများပုံမှန်ပြုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သောအပတ်တွင် ဖားကန့်မြို့နယ် ကရင်ချောင်းနှင့်သောင်းကော့ ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီအဖွဲ့ စီးနင်းလာသည့် ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာလျက်ရှိနေသည်။

Show More

Related Articles

Back to top button