သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၈ လအတွင်း စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသည့် ပြည်သူ ၃၉ ဦးထိ ရှိလာသည့်အပြင် သေဆုံးသူ ၃ ဦးရှိပြီ ဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

အဆိုပါ မြွေကိုက်ခံရသူများသည် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ် နှင့် ချပ်တင်းတိုက်နယ်မှ စစ်ဘေး‌ရှောင် ပြည်သူများဖြစ်ပြီး သေဆုံးသူ ၃ ဦးမှာ ကိုးတောင်ဘို့ တိုက်နယ်မှ စစ်ဘေးရှောင်ပြည်သူများ ဖြစ်သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုးတောင်ဘို့ နဲ့ ချပ်တင်းတိုက်နယ် အနီးဝန်းကျင်ကရွာတွေကဆိုရင် အားလုံး ၃၉ ဦး ရှိလာပြီး ၃ ယောက်က သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ၃ ယောက်က ကိုးတောင်ဘို့ တိုက်နယ်က ၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ် ၅၄ နှစ်နဲ့ ၂၇နှစ်အရွယ် အမျိုးသားနှစ်ယောက်ပါဟု ဆိုသည်။

မြွေကိုက် ခံရသူများနှင့် သေဆုံးသူများ စာရင်းသည် ပြီးခဲ့သည့် ဧပြီလမှ ယနေ့အထိ ၈ လ အတွင်း ကောက်ယူထားသည့် စာရင်းဖြစ်ကာ တိုက်နယ်နှစ်ခုက လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းဖြစ်တာကြောင့် မြေပြင်တွင် မြွေကိုက်ခံရသူမှာ ယခုထက်မက များပြားနိုင်သည်ဟု သူက ဆက်ပြောသည်။

ကန့်ဘလူမြို့နယ်တွင် လက်ရှိ စစ်ကောင်စီဘက်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့မူများရှိနေသေးသဖြင့် စစ်ဘေးရှောင်များသည် နေအိမ်သို့ မပြန်ဘဲ တောထဲတွင်သာ ခိုလှုံနေရကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးက ဝယ်ဖို့ခက်တယ် လမ်းကြောင်းတွေပိတ်နေတာကြောင့်ပေါ့၊  စျေးကလည်း ဖြည်းဖြည်းချင်း မြှင့်တက်လာနေတယ်။ မြွေဆိပ်ဖြေဆေးကို လှူထားတာတွေရှိပေမဲ့ စပါးသိမ်းချိန်ဖြစ်တာရယ် စစ်ဘေးရှောင်တွေက တောထဲမှာဆိုတော့ မြွေကိုက်ခံရတာတွေက အချိန်မရွေးများလာနိုင်တယ်ဟု စစ်ဘေး‌ရှောင်ကူညီနေသူ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်တင်းတိုက်နယ်အတွင်းက ပြည်သူ ၁၀၀၀ဝန်းကျင်ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ကန့်ဘလူ စစ်ဘေး‌ရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် လှူဒါန်းနိုင်သည်ဟု သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) ၏ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နောက်ဆုံး စားရင်းများအရ မြန်မာပြည်တဝှမ်းတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ  ဒသမ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆ သိန်းကျော်ပါဝင်သည်ဟု သိရသည်။

Show More

Related Articles

Back to top button