သတင်း

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ တစ်ရက်တည်း ကျေးရွာ ၃ ရွာမှ နေအိမ် ၁၇၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး‌လိုက်‌ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၃၀ ကျော်ဖြင့် စစ်ကြောင်း  ကြောင်း ခွဲကာ ညောင်ပင်သာရွာအုပ်စုထဲသို့ ဝင်ရောက်လာပြီး နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် စတင်မီးရှို့ခဲ့ရာ ကံသာကုန်း၊ ဘိုထဲကုန်း၊ ကျီးကံ စသည့် ရွာ ၃ ရွာက နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံတစ်ဦးက ဆိုသည်။

မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ သူတို့က စစ်ကြောင်းတွေ ဖြန့်ပြီး ရုတ်တရက်ဝင်လာတာ ရွာက ကင်းအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ် အိမ်ခြေက သုံးရွာပေါင်း ၁၇၀ ကျော် လောက်ပါသွားတယ် ရွာတွေက ကပ်လျှက်ပဲ လမ်းလေးတွေ ချောင်းလေးတွေပဲခြားတာဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးလိုက်သည့် လူနေအိမ်များ

စစ်ကောင်စီဘက်က ယခုကဲ့သို့ ကျေးရွာ ၃ ရွာအား တစ်ပြိုင်နက်ကိုမီးရှို့ရခြင်းမှာဒေသခံပြည်သူများ တော်လှန်‌ရေး အင်အားစုများ ရပ်တည်နိုင်ရန် ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မီးရှို့သွားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ ညောင်ပင်သာကျေးရွာအုပ်စုသို့ ဝင်ရောက်လာစဥ် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်များ ရွာထဲမဝင်လာခင် ဒေသခံများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ပြီး တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ညောင်ပင်သာ ကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိသည်။

Show More

Related Articles

Back to top button