တိုက်ပွဲသတင်း

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်‌ရေးတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၄ ရက်နေ့မှ ယနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာ၊ အင်းတိန်ရွာ၊ လေသာရွာတို့မှ ခန့်မှန်း အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လေသာကျေးရွာသည် နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရကာ နေအိမ် ၂၀၀ ကျော်ဖြင့် အိမ်ခြေအများဆုံး ဆုံးရှုံးခဲ့ရသည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သူတို့ဘက် ၂၃ ရက်နေ့မှာ စဝင်လာပြီး ၂၄ မှာ ထိတွေ့မှုတွေစဖြစ်တာ မနေ့ကအထိ တိုက်ပွဲအတွင်း သူတို့ဘက်က တော်တော်အထိနာတာ ခြေကုန်လက်ပန်းကျပြီး ကျည်ကုန်သွားတယ်လို့လည်းသိရတော့ ရွာခံပြည်သူတွေက ဓားရှိတဲ့လူတွေက ဓားနဲ့လိုက်ခုတ် တုတ်ရှိတဲ့သူတွေက တုတ်နဲ့လိုက်ရိုက် ခွေးပြေးဝက်ပြေးကိုပြေးရတာ။ ၃၀ ကျော်လောက်ရှိမယ်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ထို့ကြောင့် နိုဝင်ဘာ၂၇ ၊၂၈၊ ၃၀ ရက်နေ့များတွင်  အလယ်တော၊ အင်ကြင်းကုန်း၊ လေသာ ကျေးရွာတစ်ဝှိုက်ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

လူနေအိမ်များ မီးလောင်ပျက်စီးသွားသည့် မြင်ကွင်းနေရာ

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကသာမြို့နယ်ဘက်မှ ထွက်ခွာလာသောစစ်ကြောင်းဖြစ်ပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းများ၏ ယူနီဖောင်း လက်မောင်းတံဆိပ်အရ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းတစ်ခု ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

နေအိမ်များ မီးရှိုခံရသောကြောင့် ကျေးရွာပေါင်း ၆ ရွာထက်မနည်းမှ ပြည်သူ ၇၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အနီးပတ်ဝန်းကျင် ရွာဘုန်းကြီးကျောင်းများတွင် အများဆုံးတိမ်း‌‌ရှောင်နေရ သည်ဟု သိရသည်။

တစ်နေ့တစ်ခြားတိုက်ပွဲကပြင်းထန်လာတာဆိုတော့ စစ်ရှောင်က ပိုပိုများလာတယ် အခုအထိဆို ၇၀၀၀ ကျော်လောက်ရှိမယ်။ အနီးပတ်ဝန်းကျင်က ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ အများဆုံးတိမ်းရှောင်နေရတယ်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်က မီးရှို့ခဲ့သည့် ကျေးရွာ ၅ ရွာသည် ထီးချိုင့်မြို့နယ် မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ထိုအနက် လေသာ၊ အလယ်တော၊ အင်းတိန်ကျေးရွာများသည် ရွာကြီးဖြစ်သောကြောင့် ဆုံးရှုံးမှု တန်ဖိုး များပြားသည်ဟု ဒေသခံများက ဆိုပါသည်။

Show More

Related Articles

Back to top button