စစ်ပြေးဒုက္ခသည်များသတင်း

အင်ဝမ်းကောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာကူညီထောက်ပံ့မှု လိုအပ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးကံပိုက်တည်လမ်းတွင် ရှိသည့် အင်ဝမ်းကောင့် (N Wan Kawng) စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

အင်ဝမ်းကောင့်  စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဆဒုံးကန်ပိုက်တီလမ်း အင်ဝမ်းကောင့် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ဆဒုံး KBC ဘုရားကျောင်းဝင်းကို ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

တဲပဲ ဆောက်ပေးထားနိုင်တာ အစားအသောက်က ဟိုဘက်က တောင်းလိုက်၊ ဒီဘက်က တောင်းလိုက်နဲ့ မတောင်းနိုင်တဲ့အခါတော့ အသင်းတော်က တတ်နိုင်တာလေး နည်းနည်းပါးပါးဖြစ်ဖြစ် ထောက်ပံ့ပေးတာလေးနဲ့ ဖြစ်သလိုနေနေတယ်ဟု စစ်ဘေးရှောင်ကူညီပေးနေသူ တစ်ဦးက ပြောသည်။

လက်ရှိ အင်ဝမ်း‌ကောင့်‌ကျေးရွာတွင် စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ် ပူးပေါင်းတပ် နှင့် KIA တပ်တို့ အပြင်အဆိုင်ရှိနေသေးသဖြင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ဆဒုံး KBC ဘုရားကျောင်းဝင်းတွင်း ယာယီတဲများဆောက်ကာနေကြရပြီး ရေ၊ မီး၊ အစားအသောက်များ အလွန်ခက်ခဲနေကြောင်း သိရသည်။

အခုက မီးလည်းမရှိဘူး ရေလည်းခက်တယ် အစားအသောက်ခက်ခဲတယ်။ KBC ကလည်း စစ်ရှောင်တွေ အရမ်းများတော့ အချိန်မှီ မကူညီနိုင်ဘူး။ ကူညီတာတော့ သူတို့ပဲ ကူညီနေတော့တာ ဟုတ်တယ်။ ဒီလိုပဲ ကျမတို့ အသိဆွေမျိုးတွေဆီက တောင်းရသလောက် အကူအညီတောင်းပြီး စားသောက်နေကြရတာပေါ့ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ဆဒုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ယနှစ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုအားဖြင့် ၅၀ ကျော်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button