တိုက်ပွဲသတင်း

ကန့်ဘလူနှင့်ခင်ဦးအစပ်တွင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရကာ ၁၅ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခင်ဦးအစပ်လမ်းတစ်နေရာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးနှင့် ၆ ဘီးကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။

ဒီဇင်ဘာလ ၁၆ ရက် ယမန်နေ့ ၈ နာရီဝန်းကျင် ကန့်ဘလူခရိုင်ဘက်ကနေ ထွက်ခွာလာသည့် ကား ၂ စီးပေါ်တွင် စစ်ကောင်စီစစ်သားများ လိုက်ပါစီးနင်းလားသည့်အတွက် ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု Dynamite Emperror အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

ကန့်ဘလူမြောက်ဘက်ခြမ်း ခင်ဦးအစပ် လမ်းမတစ်နေရာမှာ ၁၂ ဘီးကားရယ် ၆ ဘီးကားရယ် ၂ စီး စလုံးထဲ စစ်သားတွေပါလာတယ်လို့ သတင်းရလို့ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ သူတို့ဆက်သွားလို့မရအောင် လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တယ်။ ကျနော်တို့ပြန်သိရတာက ပေကြီးဆိိုတဲ့ ပျူစောထီးရွာမှာ ရုပ်အလောင်း ၁၅ လောင်းမီးရှို့သဂြိုလ်လိုက်ကြောင်းသိရတယ်ဟုပြောဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း စစ်ဆင်ရေးအတွင်း RPG တပ်သားတစ်ဦး ဘယ်လက်တစ်ချောင်းပြတ်သွားကာ မျက်နှာတစ်ခြမ်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ တိုက်ခိုက်ခံရသည့်နောက်ပိုင်း လမ်းပိုင်းတစ်လျှောက်တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ပြုခဲ့သည်ဟုသိရသည်။

ထိုသို့ စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီးပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ဒေသခံပြည်သူ အမျိုးသားတစ်ဦး လက်မောင်းတစ်ဖက် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟုထပ်မံသိရသည်။

ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်တွင် ပြီးခဲ့သော နိုဝင်ဘာလနောက်ပိုင်းမှ ဒီဇင်ဘာလအထိ အင်းအားအလုံးအရင်းဖြင့် ပြည်သူပိုင်ကျေးရွာများ ဝင်ရောက်စီးနင်း မီးတင်ရှို့မှုများ ပုံမှန်ပြုလုပ်လျက်ရှိနေသောကြောင့် ၎င်းဒေသရှိ ဒေသခံပြည်သူများ သောင်းချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

Show More

Related Articles

Back to top button