စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့သူများအတွက် အမေရိကန်နိုင်ငံရှိ Chin Baptist Churches မှ US ဒေါ်လာ ၁ သိန်း လှူဒန်းခဲ့သည်ဟု သိရသည်။
အဆိုပါ လှူဒန်းငွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ Chin Baptist Churches ရုံးချုပ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်KBC USA တာဝန်ရှိသူများက လက်ခံရရှိခဲ့သည်ဟု KBC USA မှ Rev. Maw San က KNG သတင်းဌာနကို ပြောဆိုသည်။
“ပြီးခဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကျနော်တို့ ကချင်ပြည်သူတွေကြား ဆိုးရွာလှတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကို သူတို့ချင်းလူမျိုးတွေလည်း ကျနော်တို့နဲ့အတူ ဝမ်းနည်းကြေကွဲရတယ်ဆိုပြီး ကူညီပါဝင်ပေးလိုကြောင်း ပြောဆိုလာဟုတ်တယ်။ အဲ့ကြောင့် မနေ့ကတော့ ငွေကိုလက်ခံရရှိခဲ့ပါတယ်”ဟု ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကချင်ပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချင်းလူမျိုးများသည်လည်း ကချင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသောကြောင့် ယခုလို ကူညီပေးခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ယခု ထောက်ပံ့ပေးမှုတွင် Chin Baptist Churches USA အသင်းတော်တစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ ချင်းလူမျိုးများအားလုံးလည်း ပါဝင်လှူဒါန်းထားသည်ဟု သိရသည်။
KBC USA လက်ခံထားသော ထောက်ပံ့ငွေများကို ဗုံးကျဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သူများထံ အမြန်ဆုံး ရောက်ရှိအောင် စီစဉ်ထားပြီ ဖြစ်ကြောင်းလည်း Rev. Maw San က ဆက်လက်ပြောဆိုသည်။
“ကျနော်တို့ဘက်ကနေ လက်ခံရရှိထားတဲ့ ဝင်တွေကို အမြန်ဆုံးရောက်သွားအောင် စီစဉ်နေပါပြီ။ တကယ် မြေမြင်မှာ တွေ့ကြုံခံစားခဲ့ရတဲ့ မိသားစုဝင်များထံသို့ ရောက်သွားအောင်လည်း လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” ဟု ဆိုသည်။
ကချင်ပြည်သူများထံသို့ ချင်လူမျိုးများ၏ ကူညီထောက်ပံ့မှုသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်တုန်းကလည်း ကူညီထောက်ပံ့ပေးမှုများရှိခဲ့သည့်အပြင် အမေရိကန်ရောက် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များနှင့်လည်း ရင်းနှီးသည့် ခင်မင်မှုများရှိသည် သိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့ညတွင် ၆၂ ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့အတွက် ကချင်ပြည်သူများ စုရုံးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ပြီး ရာချီထိခိုက် ခဲ့သည်။