သတင်း

တန့်ဆည်နယ်တွင် ကျေးရွာ ၄ခုမှ နေအိမ် ၇ထောင်နီးပါးခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် ၄ ရက်အတွင်း ကျေးရွာပေါင်း ၆ ခုကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားပြီး လူနေအိမ် ၇ ထောင်နီးပါးခန့် မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများအပါအဝင် အင်အား ၂၀၀ ကျော်ခန့်က ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တန့်ဆည်မြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကိုပြောသည်။

သူတို့က ကန့်ဘလူဘက်ကနေ လက်နက်အင်အားအပြည့်နဲ့ ပျူအင်အားတွေနဲ့ ဝင်ရောက်လာတာ ၁၉ ရက်နေ့ ညနေပိုင်းလောက်မှာက ဖလံချိုင်ရွာကို စရှို့တာ ၂၀ ရက်နေ့မှာက တန့်ဆည်အရှေ့ဘက်ခြမ်းက ငတန်းရွာကို ရှို့တယ်။ ၂၁ ရက်နေ့မှာက ရွှေလှန်ကို ရှို့တယ် အဲ့ဒီနေ့မှာပဲ တန့်ဆည်နဲ့ ရေဦးအစပ်က တပ်သစ်ကလှဇဉ်နဲ့ ရွာဗုကြီးကိုရှို့တယ်။ တပ်သစ်ရွာကတော့ အိမ်တွေကိုမရှို့ပဲ ဆိုင်ကယ် ၇ စီးကို ရှို့သွားတယ်။ နောက် ၂၂ ရက်နေ့ကျတော့ ပေကုန်းရွာကို ပြန်ရှို့တယ် တစ်ရက်ထဲမှာပဲ ရွာဗုကြီးကို ထပ်ရှို့တယ်။ အခုသိရလောက်က မီးရှို့ခံရတဲ့နေအိမ် ၇ ထောင်လောက်ပါသွားတယ်ဟုပြောဆိုသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုတွင် ငတန်းကျေးရွာမှ နေအိမ် ၄၅၀ လုံး၊ ကလှဇဉ် ကျေးရွာမှ ၁၅၀ လုံး၊ ရွှေလှန်းကျေးရွာမှ ၉၁ လုံး၊ ဖလံချိုင်ကျေးရွာမှ နေအိမ် ၃ လုံး၊ တပ်သစ်ကျေးရွာမှ ဆိုင်ကယ် ၇ စီး မီးလောင်ပျက်စီးသွားပြီး ရွာဗုကြီးနှင့် ပေကုန်း စသည့် ကျေးရွာ ၂ခုမှ မီးလောင်ဆုံးရှုံးမှု အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

အဆိုပါ တန့်ဆည်မြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီ စစ်ကြောင်းသည် တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၉ တပ်နှင့် ခမရ ၃၆၁ တပ် တို့ဖြစ်ကြပြီး နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသ နေရာအနှံ့တွင် ပြီးခဲ့သော ဒီဇင်ဘာလ ၁ရက်နေ့မှ ၁၉ ရက်နေ့အထိ တန့်ဆည်မြို့နှင့် ကပ်လျှက်ရှိသော ရေဦးမြို့နယ်အတွင်း ကျေးရွာ ၁၉ ရွာခန့်ကိုလည်း စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

Show More

Related Articles

Back to top button