သတင်း

မြစ်ကြီးနားတွင် ဆန်စျေး ထပ်မံ မြင့်တက်လာ

မြစ်ကြီးနားတွင် ယခုလဆန်းပိုင်းမှစပြီး ဆန်တစ်အိတ်လျှင် မူရင်းစျေးထက် နှစ်သောင်းဝန်းကျင် စျေးမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှစပြီး ရိုးရိုးဆန်တစ်အိတ် ခုနှစ်သောင်း၊ ငွေတိုး ခုနှစ်သောင်းခွဲ၊ ချင်းရှယ် ရှစ်သောင်း၊ မှော်ဘီ ခုနှစ်သောင်းခွဲ၊ လုံးသွယ်မွေး ကိုးသောင်း၊ ပေါ်ဆန်းမွှေး တစ်သိန်းနှစ်သောင်း ၊ ပဒေသာ ဆန်မာတစ်အိတ် ကိုးသောင်းခွဲထိ မြင့်တက်လာပြီး တစ်အိတ်လျှင် ပျမ်းမျှအားဖြင့်ဆိုပါက ဆန်တစ်အိတ်လျှင် ၂သောင်းဝန်းကျင်ထိ မြင့်တက်လာနေကြောင်း မြစ်ကြီးနား ဆန်ကုန်သည်များက ပြောသည်။

ဆန်တွေက အခုပိုရှားလာတော့မယ်၊ ဆန်အမျိုးအစားတွေ အကုန် တစ်သောင်းခွဲကနေ နှစ်သောင်းဝန်းကျင်ထိတက်နေတာ၊ ကောက်သစ်တွေ မပေါ်ခင်ထိဆိုရင် သိုလောင်ထားတဲ့ ဆန်၊ စပါးတွေလည်း ကုန်တဲ့အချိန်ရောက်ပြီလေ အဲ့အချိန်ဆို အနည်းဆုံး ၈ သောင်း၊ ၉သောင်း ထိတောင်ရောက်လာနိုင်တယ်ဟုပြောသည်။

ဆန်ဈေးနှုန်းတက်ရခြင်းသည် ပြည်တွင်းပြည်ပ ပို့ဆောင်ခြင်းကြောင့်သာ မဟုတ်ဘဲ နိုင်ငံရေး အခြေအနေကြောင့် ငွေဈေး၊ ကုန်ဈေးနှုန်းများ၊ ဆီဈေးများ၊ အလုပ်သမားခများ မြင့်တက်လာသည်နှင့် အမျှ ဆန်စပါး သိုလှောင်သည့် ဆန်ကုန်သည်ကြီးများ အမြတ်တင်ရောင်းသည့်အတွက်လည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် စပါးအဓိကစိုက်ပျိုးကြသည့် စစ်ကိုင်းတိုင်းဒေသများတွင် တိုက်ပွဲကြောင့် စပါးစိုက်ပျိုးနိုင်ခြင်း မရှိသည့်အပြင် နေရာဒေသအသီးသီးတွင်လည်း လယ်စပါးစိုက်သူနည်းလာသောကြောင့် ဆန်စျေး ယခင်ထက် မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း မြစ်ကြီးနားဒေသအမျိုးသမီးတစ်ဦးက KNG ကို ယခုလိုပြောသည်။

ပထမတစ်ချက်က အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်ပေါ့၊ ဆန်စပါး အဓိက ထွက်တဲ့ စစ်ကိုင်းမှာ စပါးမစိုက်နိုင်ကြတော့ဘူး၊ ပဲတွေ မစိုက်နိုင်တော့ဘူး၊ အိမ်တိုင်းလိုလို မီးရှို့ခံလိုက်ရတော့ တောင်သူတွေ လည်း ဒုက္ခသည်တွေဖြစ်ရပြီး အလုပ်မလုပ်နိုင်ကြတော့ ဆန်ဈေးတွေမှာ ထိလာတယ်၊ ရာသီဥတုကလည်း မူမမှန်တော့ စိုက်ထားတဲ့စပါးတွေလည်း အသီးမကောင်း၊အထွက်နှုန်းတွေနည်းလာတယ်ဟုပြောသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ငွေတိုး၊ ချင်းရှယ်၊ ချင်းသုံး၊ ဆန်အသန့်များသည် ပုံမှန် လေးသောင်းအထက်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ခြောက်သောင်း အထက်ရှိခဲ့ပြီး ယခုလတွင် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ၁သောင်းခွဲ နှစ်သောင်းဝန်းကျင်ထိ ထပ်မံမြင့်တက်နေကြောင်း ဆန်ကုန်သည်များက ပြောသည်။

Show More

Related Articles

Back to top button