မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွံ့ရေအဖြစ်ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။

လယ်ယာဧက ၅၀၀ ကျော်အတွက် အသုံးပြုနေသည့် မုန်းလောင်းချောင်း (Munglawng Hka) တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“မုန်းလောင်းချောင်းနဲ့ပဲရေသွင်းယူပြီး လယ်ယာစိုက်ပျိုးနေတာ ဧက ၅၀၀ ကျော်ရှိတယ်။ ချောင်းတောက်လျှောက် ရှမ်းလက်နက်ကိုင်ဘက်က ရွှေပဲတူးနေတော့ အခုက လယ်သမားတွေ လယ်ယာဆင်းလုပ်ငန်းဝင်ချိန်ရောက်ပေမဲ့ ရေက ရွံ့ရေဖြစ်နေတော့ ရေလည်းသွင်းယူလို့မရ လယ်ယာလုပ်ငန်းဝင်ဖို့ ခက်နေပြီး ဒုက္ခရောက်နေတယ်။ ကန့်ကွက်လည်းမရ၊ မရပ်မနား နေ့ဆိုင်း၊ ညဆိုင်းကိုတူးနေတာ”ဟု နမ့်ဖတ်ကာ ပန်ကိုင်ရွာခံတစ်ဦး KNG ကို ပြောဆိုခဲ့သည်။

ဒေသခံပြည်သူများ အကြိမ်ကြိမ် ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ ယခုနှစ် ဇန်နဝါရီခန့်မှစပြီး မုန်းလောင်းချောင်းတွင် ဘတ်ဖော ၅ စီးခန့်ဖြင့် ရွှေတူးဖော်လာခဲ့သည်ဟု ၄င်းက ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေသခံပြည်သူများအနေဖြင့် မုန်းလောင်းချောင်းတွင် ရွှေတူးဖော်မှုကိုကန့်ကွက်ကြောင်း လူအင်အား ၄၀၀ ခန့်ဖြင့် သွားရောက်ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

“ကျနော်တို့ လယ်သမားတွေ၊ ဒေသခံတွေ လူအင်အားနှင့် သွားရောက်ဆန္ဒပြကန့်ကွက်ဖို့ သွားတဲ့အချိန် မဝင်ခိုင်းဘူး လမ်းထက်ဝက်မှာ ဂိတ်လုပ်ပြီး ပိတ်လိုက်တယ်။ အဲ့လိုလုပ်ပြီး သူတို့က တပ်ဖွဲ့အင်အားတွေနဲ့ ပတ်ပတ်လည်လုံခြုံရေးယူပြီး တူးဖော်နေကြတာ။ ကျနော်တို့က သူတို့ဆီလည်း သွားမရ၊ ဘယ်မှ တောင်းဆိုမရဆိုတော့ လယ်ယာလည်းလုပ်ငန်းစလို့မရ ရေလည်းဘာမှသုံးမရဖြစ်သွားလို့ တော်တော်ဒုက္ခရောက်နေကြတယ်”ဟုနမ့်ဖတ်ကာဒေသခံ တစ်ဦးက ဆက်ပြောသည်။

မုန်းလောင်းချောင်းကို အဓိကမှီခိုပြီး လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်နေကြသည့် ကျေးရွာပြည်သူများသည် နမ်ဖတ်ကာ၊ ပန်ကိုင်၊ နားမွန်း စသည့်ကျေးရွာများမှ ဒေသခံအိမ်ခြေများဖြစ်ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည့် ထိုဒေသခံများအတွက် ချောင်းရေအသုံးမပြုနိုင်ခြင်းသည် ဒေသတွင်းအတည်တကျနေထိုင်နိုင်ရေးကိုပါ ထိခိုက်လာစေကြောင်း ပြောသည်။

“ရွာသားတွေက လူအင်အားနဲ့ ဆန္ဒသွားပြလည်းမရ၊ လယ်ယာလည်း လုပ်ကိုင်မရ ဆိုတော့ ဒီမုန်းလောင်းချောင်းရေကို မှီခိုပြီး လယ်ယာလုပ်နေတဲ့သူတွေက ဒီမှာပဲနေပြီး ဒီမှပြဲလုပ်ကိုင်နိုင်ဖို့တောင် စိတ်ကထွေပြားနေတဲ့အဆင့်ဖြစ်နေပြီ။ လယ်ယာပဲအားထားပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူ တွေဖြစ်တာကြောင့် လယ်သာလုပ်စားမရတော့ရင် ဘယ်မှာရွှေ့ပြောင်းမလဲ ဆိုတဲ့အဆင့်ထိတောင် ပြောနေကြရတဲ့အဆင့်ဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချောင်းရေ ပျက်စီးပါက လယ်ယာမြေလုပ်ကိုင်စားသောက်ခွင့်ကိုပါ ဆုံးရှုံးစေနိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ မုန်းလောင်းချောင်းတွင် ရွှေတူးဖော်မှု ရပ်တန့်ပေးပြီး ချောင်းရေယခင်လို စီးဆင်းနိုင်ရန် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်သည်။

Show More

Related Articles

Back to top button