သတင်း

မိုးညှင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်လာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ညပိုင်းစစ်ဆေးရေးများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။

ဇွန်လ ၈ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ်တွင် ည ၁၀ နာရီမှ မနက်၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အရပ်ဝတ်များဖြင့် လမ်းကြား လမ်းမ၊လမ်းဆုံများတွင် စစ်ဆေးမှုတင်းကြပ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်သားတွေရဲတွေက အရပ်ဝတ်နဲ့ သွားနေကြတာ ဟိုနေ့ညဆို ၉ နာရီကျော်ဘဲရှိသေးတယ်။ မြို့ထဲမှာဘဲ ဆိုင်ကယ်နဲ့ လင်မယားနှစ်ယောက်ကို တားပြီးစစ်နေတာတွေ့တယ်ဟုပြောသည်။

အဆိုပါ ညမထွက်ရအမိန့်ထုတ်ပြန်ချက်တွင် လမ်းမကြီး၊အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊လမ်းကြား၊ဥယျာဥ် သို့မဟုတ် အများ ပြည်သူနှင့်ဆိုင်သောနေရာများတွင် လူ၅ဦး သို့မဟုတ် ၅ ဦးထက် ပိုစုဝေးခြင်းမပြုရန်ထုတ်ပြန်ထားသည်။

မိုးညှင်းမြို့နယ်တွင် ညမထွက်ရ ၁၄၄ အမိန့်ထုတ်ပြန်ချက်ကို ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင်လည်း ထုတ်ပြန်ခဲ့ပြီး ယခုတစ်ကြိမ်ထုတ်ပြန်ခြင်းသည် ယခုနှစ်တွင်း ညမထွက်ရအမိန့် ဒုတိယအကြိမ်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် ယခုလိုထုတ်ပြန်ခြင်းသည် မိုးညှင်းမြို့နယ်၊ နယ်နိမိတ်အတွင်း လူတစ်ချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင်ဆောင်ရွက်တာတွေ တွေ့ရသည့်အတွက် ထပ်မံထုတ်ပြန် ခြင်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင်ပါရှိသည်။

ထုတ်ပြန်လိုက်သည့် ညမထွက်ရအမိန့်သည် ထပ်မံ၍ အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သ၍ အတည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုးညှင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း မိုးညှင်းမြို့နယ် နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်း တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံများထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

Show More

Related Articles

Back to top button