သတင်း

အင်းတော်မြို့ပေါ်က ဒေသခံပြည်သူအများပိုင်း နေရပ်စွန့်ခွာ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့ပေါ်က  မြို့ခံပြည်သူလူထုအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေကြပြီလို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကနေ အင်းတော်မြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်လောက်ဝေးတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရခိုင့်တပ်တော်(AA) တပ်၊ ဒေသကာကွယ်ရေးတပ်တွေက မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီးနောက် အလားတူ အင်းတော်မြို့ကိုတိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ကြိုတင်ပြီးတိမ်းရှောင်သွားကြတာလို့ ဒေသခံတွေကဆိုပါတယ်။

ဒီကနေ့နဲ့ဆိုရင်တော့ ခြောက်ရက်ဆက်တိုက်ရှိပြီပေါ့ မြို့ကနေ ထွက်သွားတဲ့သူတွေနေ့တိုင်းကိုရှိတယ်။ ကားလမ်းတွေလည်းပိကြပ်လို့နေတာကားတွေ ဆိုင်ကယ်တွေနဲ့ မြို့ဆိုရင်တိတ်ဆိတ်လို့နေတာပါ့။ အခုမြို့ပေါ်လူဦးရေ လေးပုံ ပုံလိုက်ရင် တစ်ပုံလောက်ပဲ ကျန်တော့မှာ အများပိုင်းကတိမ်းကြကုန်ပြီ အခုကျန်နေတဲ့လူတွေလည်း နည်းနည်းချင်းဆီတိမ်းနေကြပြီလို့ အင်းတော်မြို့ခံ  အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ အင်းတော်မြို့ပေါ်က ရပ်ကွက်ကြီးလေးခုဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်၊အောင်သုခရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်နဲ့ အောင်သီတာရပ်ကွက်တွေထဲက ဒေသခံပြည်သူသောင်းဂဏန်းခန့်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေစပြီး ဒီကနေ့မနက်ပိုင်းထိ မြို့ထွက်ကိုစွန့်ခွာပြီးထွက်ပြေးနေပြီလို့ သူကဆက်ပြောပါတယ်။

အင်းတော်မြို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်အကြာ ဒီနှစ်ဖေဖော်ဝါရီလကတည်းကနေ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး မြို့ပတ်ပတ်လည်မှာ စစ်တပ်ကအခိုင်အမာတပ်တွေချပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အင်းတော်မြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲလာပါက ဒေသခံတွေအတွက် တိမ်းရှောင်ဖို့ခက်ခဲလာမှာစိုးရိမ်တဲ့အတွက် ခုကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ နောက်ထပ် အင်းတော်ဒေသခံအမျိုးသမီးတစ်ဦးက ထပ်ပြောပါတယ်။

အဓိကတော့အင်းတော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေကတက်သိမ်းလာရင် အခုဖြစ်နေတဲ့ ထီးချိုင့်လိုမျိုးဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်ကြိုတင်ပြီးတိမ်းရှောင်ကြတဲ့သဘောပါ။ မြို့ကိုသိမ်းလိုက်ရင်တော်ကြာ စကစ ကမြို့ထဲကို လက်နက်ကြီးပစ်တာတွေဗုံးကျဲတာတွေ လုပ်လာမှာစိုးရိမ်ရတယ်လေ။ အဲတော့ ကြိုရှောင်ကြတာ တော်လှန်ရေးအင်အားစုတွေကလည်း ပြည်သူတွေကို ထောက်နေစရာမလိုတော့ဘူးလေလို့ ပြောပါတယ်။

အင်းတော်မြို့ကိုအဓိက ရပ်ကွက်ကြီးလေးခုဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီး အိမ်ခြေ ၅၀၀၀ ဝန်းကျင်ရှိရာကနေ လက်ရှိ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အိမ်ခြေဟာ ၃၀၀၀ ကျော်လောက်ရှိပြီး ကချင်ပြည်နယ်ထဲက မိုးကောင်းမြို့နယ်နဲ့မိုးညှင်းမြို့နယ်ထဲကို တိမ်းရှောင်ကြတာများတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတော်မြို့နဲ့   မိုင်ကျော်အကွာမှာရှိတဲ့ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်ကနေ မကြာခနစစ်ကြောင်းထိုးဝင်ရောက်တာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြို့အနီးပတ်ပတ်လည်မှာရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာကလည်း နိုဝင်ဘာ ၂ ရက်နေ့ကနေစတင်ပြီး လက်ရှိအချိန်ထိတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်မြို့မြောက်ဘက်ပိုင်းက နဘားကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

သူတို့က ဒီနေ့တောင်ဘက်ပိုင်းကရွာတွေကိုစစ်ကြောင်းဝင်ရင် နောက်နေ့မြောက်ဘက်ပိုင်းကရွာတွေ ဘက်ကိုစစ်ကြောင်းဝင် အဲ့လိုလုပ်တာ သူတို့ဝင်ရင်လက်နက်ကြီးတွေ လက်နက်ငယ်တွေရမ်းပစ်ပြီးဝင်တယ်။ လူတွေ့ရင်ဖမ်းတယ်ဆိုတော့ ပြည်သူတွေကအတွေ့ခံလို့မရဘူး သူတို့မလာခင်ကတည်းကပြေးရတာ အခုရက်ပိုင်းတော့သိပ်ပြီးတော့မလာဘူး။ဒါပေမယ့် ရွာတွေထဲကိုလက်နက်ကြီးတွေတအားပစ်တယ် အဲ့ကြောင့်ရွာထဲ ပြန်ဝင်လို့မရဘူးပြေးနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်မြို့တွင်းနဲ့မြို့ပတ်လည်မှာအထိုင်ချထားသလို တစ်ဖက်မှာလည်း အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဘက်တွေကိုလည်း စစ်ကြောင်းထိုးဝင်တာခပ်စိပ်စိပ်လုပ်ဆောင်လာတဲ့အပြင် မြို့တွင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးရမ်းပစ်ခတ်တာတွေကြောင့် မဲဇာ၊ နဘား၊ နတ်မဟုတ်ကြီး စတဲ့ကျေးရွာတွေထဲမှာရှိတဲ့ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိပြီး လူနေအိမ်ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့သိရပါတယ်။

သူတို့ကပစ်လာရင် ည၈နာရီ ကိုပုံမှန်ပစ်လာတယ်။ ကျွန်တော်တို့ရွာထဲမှာတော့ မိုင်းစတွေကျောက်ခဲစတွေ စင်လာလို့ အိမ်တံခါးမှန်တွေပျက်စီးတာ၊ အိမ်ခေါင်မိုးတွေပျက်စီးတာမျိုးက ၅အိမ်ရှိပြီ တစ်အိမ်လုံးပြာကျတာကတစ်လုံးရှိတယ်။ တစ်အိမ်လုံးပြာကျတဲ့အိမ်က လူမရှိလို့တော်သေးတယ်။ လူထိခိုက်ဒဏ်ရာရတာကတော့တစ်ယောက်ရှိခဲ့တယ်။ အခုတော့ရွာသားတွေလည်းပြေးကြကုန်ပြီသူတို့အဲ့လိုပစ်နေလို့လို့အင်းတော်မြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ မဲဇာကျေးရွာနေ အမျိူးသားတစ်ဦးကပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့အနီးဝန်းကျင်ထဲက ကျေးရွာတွေဟာ အင်းတော်မြို့နဲ့ ၂ မိုင်အကွာ အရှေ့ဘက်ခြမ်းက နားနောင်ကျေးရွာ၊ ကျော်ရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေဖြစ်ပြီး အင်းတော်မြို့တောင်ဘက်ခြမ်းက မိုးယူကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ဆိပ်သာကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေအပြင် အင်းတော်မြို့အနောက်ဘက်ခြမ်းက အင်းရွာ၊ အုန်းခြံကျေးရွာနဲ့အနီးဝန်းကျင်က ကျေးရွာတွေနဲ့ အင်းတော်မြို့မြောက်ဘက်ခြမ်းက နဘားရွာ၊ မဲဇာကျေးရွာတွေအပါအနီးဝန်းကျင်ထဲက ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အလားတူ အင်းတော်– ဗန်းမောက်ကားလမ်းပေါ်မှာရှိတဲ့ မော်တိတ်ဒေသထဲက နန့်သာ၊ တုံ့တော်၊ အင်ပင်၊ ဘေပင်၊ အောင်းကုန်း၊ မော်တိတ်၊ ကျွန်းတောစတဲ့ကျေးရွာတွေအပါ မော်တိတ်ဒေသထဲက ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းဟာလည်း ပြီးခဲ့တဲ့မတ်လနဲ့ မေလကတည်းကစစ်ဘေးရှောင်ခဲ့ကြပြီဖြစ်ပြီး လက်ရှိ နန့်သာကျေးရွာထဲမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်ကြောင့် နေရပ်မပြန်နိုင်သေးပဲစစ်ဘေးရှောင်နေတယ်လို့ အောင်းကုန်းကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အခုတစ်ရွာမှမပြန်နိုင်သေးဘူး မော်တိတ်မှာတော့ စစ်သားတွေမရှိတော့ဘူး ဒါပေမယ့် နန့်သာမှာတော့ စစ်သားတွေရှိတုန်းအခုလွန်ခဲ့တဲ့ ၈ ရက်နေ့ကလည်း စစ်သားတွေ အင်အား ၈၀ လောက်ကို ထပ်ပြီးရောက်ခဲ့ပြန်တယ် အင်အားထပ်ဖြည့်ထားတယ်။ သူတို့ကမထင်ရင် မထင်သလိုစစ်ကြောင်းထိုးတာတွေ လက်နက်ကြီးတွေကိုရွာထဲပစ်ခတ်တာတွေရှိနေတာကြောင့် ပြည်သူတွေကရွာထဲကို မဝင်နိုင်ကြသေးဘူးပြေးနေရတုန်းလို့ ပါတယ်။

နန့်သာကျေးရွာထဲမှာ စစ်ကောင်စီတပ်ဟာ ၂၀၂၃ မတ်လကတည်းကစတင်ဝင်ရောက်ခဲ့တဲ့အတွက် နန့်သာ၊အောင်းကုန်း၊ တုံ့တော်စတဲ့ကျေးရွာတွေဟာ မတ်လကတည်းကစစ်ရှောင်ခဲ့ရပြီး မော်တိတ်ရွာထဲမှာတော့ မေလမှာ စစ်ကြောင်း ဝင်ရောက်ခဲ့တာကြောင့် မော်တိတ်ကျေးရွာနေပြည်သူတွေဟာ မေလကတည်းကစပြီးစစ်ဘေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမော်တိတ်ကျေးရွာမှာတပ်စွဲခဲ့တဲ့စစ်ကြောင်းဟာ သြဂုတ်လကတည်းကနေကျေးရွာကနေဆုတ်ခွာသွားပေမယ့် နန့်သာကျေးရွာထဲမှာစစ်ကြောင်းဆက်ရှိနေတဲ့အပြင် လွန်ခဲ့တဲ့ ၈ ရက်လောက်က ဗန်းမောက်ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းအင်အား ထပ်ဖြည့်လာတာကြောင့် ဒေသခံတွေနေရပ်ပြန်ဖို့မဖြစ်နိုင်သေး ဘူးလို့ဆိုပါတယ်။

၂၀၂၃ ခုနှစ် မတ်လအတွင်း နန့်သာကျေးရွာမှာ စစ်ကြောင်းဝင်ရောက်တဲ့နေ့ဟာ နန့်သာကျေးရွာထဲမှာအလှူပွဲတစ်ခုကျင်းပနေတာကြောင့် ကျေးရွာသားအချို့ထွက်ပြေးလိုက်ရပေမယ့် အလှူပွဲမှာရှိနေတဲ့ ကျေးရွားသား ၂၀၀ လောက်ဟာထွက်ပြေးခွင့်မရပဲ ပိတ်မိသွားရာကနေ လက်ရှိချိန်ထိပိတ်မိနေဆဲဖြစ်ပြီး အဲ့ဒီပြည်သူတွေကို စစ်ကြောင်းက စစ်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေပြီးအကြမ်းဖက် ဖိနှိပ်ခံရတာတွေလည်းနေ့စဥ်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိ မော်တိတ်ဒေသထဲက ကျေးရွာပေါင်း ၁၅ ရွာအပြင် အင်းတော်မြို့အနီးဝန်းကျင်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်းက စစ်ဘေးရှောင်လူဦးရေဟာ နှစ်သောင်း ကျော်လောက်ရှိတာဖြစ်ပြီး အဲ့ဒီစစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲ စစ်ရှောင်နေရတာကြောင့် လက်ရှိ အစားအသောက်ခက်ခဲနေသလို ရာသီဥတုအေးတဲ့ဒဏ်ကြောင့် နှာစေး၊ချောင်းဆိုးနဲ့အခြားတုပ်ကွေး  ဖြစ်နေသူတွေများနေပြီးဆေးဝါးအကူ အညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။

အင်းတော်မြို့နယ်ဟာ မြစ်ကြီးနား မန္တလေး ကားလမ်းမကြီးပေါ်မှာတည်ရှိပြီး ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးရဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာမှာရှိပြီး ကသာခရိုင်ရဲ့အလယ်ပိုင်းမှာရှိတဲ့မြို့နယ်ဖြစ်ပြီး၂၀၀၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၀၂၆၆ ရှိပြီး စစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားဖိနှိပ်ခံရတဲ့မြို့နယ်ဖြစ်တဲ့အပြင် စစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button