သတင်း

ပိတ်ဆို့ခံနေရသော စစ်ကြောင်းကို ကယ်ထုတ်ရန် စစ်ကောင်စီမှ KIA ကို လေကြောင်းဖြင့် တိုက်ခိုက်နေ

ဖားကန့် ဆယ်ဇင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပိတ်ဆို့ထားသောကြောင့် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကျဲနေဆဲ ဖြစ်သည်ဟု သိရသည်။

ဆယ်ဇင်း ချမ်းသာအေးကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင်ခန့် ပိတ်ဆို့ တိုက်ခိုက်ခံနေရသဖြင့် ယမန်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ည ၇ နာရီဝန်းကျင်တွင် တစ်ကြိမ် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“မနက်ပိုင်းမှာ တစ်ကြိမ် ညတစ်ကြိမ်လာပစ်တယ်။ သူတို့က တစ်ကြိမ်လာပစ်ရင် ၆ ကြိမ်လောက်ပတ်ပြီးပစ်တာ။ အထဲမှာ ပိတ်မိနေတဲ့ စစ်သားတွေကို ထုတ်ယူဖို့ ဟုတ်တယ်။ အခုမြေပြင်မှာက ပိတ်ဆို့ထားတဲ့ သူတွေကို အစားလည်း ပို့ပေးလို့မရဘူး။ အင်အားလည်း ဝင်လို့မရဘူး။ အလောင်းလည်း သယ်ထုတ်လို့မရဘူး။ မရမက သယ်ထုတ်ဖို့ အပေါ်ကနေ တိုက်ခိုက်နေတာ”ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ၄ ရက်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ဝန်းကျင်ခန့် သေဆုံးမှုရှိနိုင်သည်ဟု သူက ယခုလို ပြောဆိုထားသည်။

“အခုက တိုက်ပွဲဖြစ်နေသေးတော့ ဘယ်အထိ သေတယ်ဆိုတာကို အတိအကျပြောလို့မရ‌သေးဘူး။ ဟိုဘက် ဒီဘက် အပြန်အလှန် ပစ်နေကြတယ်လေ။ ခန့်မှန်းခြေလောက်တော့ တိုက်ပွဲဖြစ်ပြီးခဲ့တဲ့နေ့တွေမှာ မြင်တွေ့ရသလောက်ဆို ၃၀ နဲ့ ၄၀ ကြားလောက်မှာတော့ရှိလိမ့်မယ်။ ထိခိုက်သေဆုံးတာက များတော့များတယ်” ဟု ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ဆယ်ဇင်း တိုက်ပွဲဘက်သို့ စစ်ကိုင်းဘက်မှ စစ်ကူတက်လာသော ရှမ်းနီတပ်သားများအပါ စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ဝန်းကျင်ကိုလည်း ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ ခု စပ်ကြားလမ်းတစ်နေရာတွင် KIA မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ စစ်ကိုင်း ကချင် နယ်စပ်တိုက်ပွဲတွင် ဒေသခံများထံ လက်နက်ကြီးများ ကျရောက်လာနိုင်သောကြောင့် စစ်ကူလာသော စစ်ကြောင်းကို ဇူလိုင်လ ၁၉ ရက်နေ့ လမ်းဖွင့်ပေးလိုက်ရသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်မှုကြောင့် ဆယ်ဇင်းနှင့် ချမ်းသာအေး ကျေးရွာ ၂ ခုအနီးရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။

“စစ်ကိုင်းဘက်မှာ ဗမာစစ်သားတွေ ဝင်လို့မရအောင် ပိတ်ထားတဲ့ လမ်းကို KIA က ပြည်သူတွေကို ထိခိုက်လာနိုင်တဲ့အတွက် ပြန်ဖွင့်ပေးလိုက်တယ်။ အခုအဲ့ ရှမ်းနီးနဲ့ ဗမာစစ်သားတွေ အခု ရွာထဲမှာ နေကြတယ်။ ရွာသားတွေလည်း ကြောက်ပြီး ဘယ်သူမှ မနေရဲကြတော့ဘူး။ အားလုံးက နီးစပ်တဲ့ လွတ်မယ့် နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြီးရင် ပေါ်ဘက်မှာ လည်း လေယာဉ် နဲ့ ခဏခဏ လာပစ်တော့ ထိမှာကြောက်ရတယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင်လည်း ချမ်းသာအေးအနီးတွင် နှစ်ဖက်တပ် ၂ နာရီခန့်အကြာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောဆိုချက် မှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ပိတ်မိနေသော စစ်ကြောင်းကို ကယ်ထုတ်ရန်အတွက် ဆယ်ဇင်းအနီးတစ်ဝိုက်တွင် လေယာဉ် ၄ စီးဖြင့် အင်အား ၂၀၀ ခန့် ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

ဆယ်ဇင်း တိုက်ပွဲသည် ဇူလိုင်လ ၁၇ ရက်နေ့မှ တာမခန်ဘက် မှ ဆယ်ဇင်းဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KIA တပ်ဖွဲ့ မှ ချမ်သာအေးရွာထိပ်တွင် ဝိုင်းရံပိတ်ဆို့ရာမှာ ယနေ့ထိ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button